Monday , May 27 2019
Home / FNews / ထားဝယ်-ရန်ကုန်-ကော့သောင်းပြေးဆွဲနေသည့် Apex Airlines ပျံသန်းချိန်နာရီ(၅၀၀၀)ပြည့်ပြီဖြစ်သဖြင့် ခရီးစဉ်ပြေးဆွဲမှု ခေတ္တရပ်နား

ထားဝယ်-ရန်ကုန်-ကော့သောင်းပြေးဆွဲနေသည့် Apex Airlines ပျံသန်းချိန်နာရီ(၅၀၀၀)ပြည့်ပြီဖြစ်သဖြင့် ခရီးစဉ်ပြေးဆွဲမှု ခေတ္တရပ်နား

သီဟ(မြစ်မခ)

ထားဝယ်၊ ဖေဖော်ဝါရီ (၁၆)ရက်။

ထားဝယ်-ရန်ကုန်-ကော့သောင်းပြေးဆွဲနေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သော Apex Airlines လေကြောင်းလိုင်းမှ ART 72 လေယာဉ်မှာ ပျံသန်းချိန်နာရီ(၅၀၀၀)ပြည့်သွားပြီဖြစ်သဖြင့် ခရီးစဉ် ပြေးဆွဲ မှုများကို ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် လ ၆ ရက်အထိ ခေတ္တရပ်နားကာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ထားဝယ်-ရန်ကုန်-ကော့သောင်းသို့ နေ့စဉ်ပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းမှာ မြန်မာ့လေကြောင်းလိုင်း နှင့် Apex Airline လိုင်းနှစ်ခုသာရှိပြီး တစ်ခုနားလိုက်သည့်အတွက်ကြောင့် နေ့စဉ်ခရီးသည်များအတွက် လက်မှတ်ဝယ်ယူရ ပိုမိုခက်ခဲလာနိုင်ပြီး Apex Airlines အနေဖြင့် မတ်လ ၇ ရက်တွင် ပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်များအတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့လေကြောင်းလိုင်းက ပုံမှန်နေ့စဉ်လေယာဉ်တစ်စီးနဲ့ ပျံသန်းပြေးဆွဲနေတယ်။ အခုက ပျံသန်းချိန် နာရီငါးထောင်ပြည့်သွားပြီဖြစ်လို့ လေယာဉ်ကို စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်တဲ့အတွက် ပျံသန်းမှုကို ခေတ္တရပ်နားထားတာပါ။”ဟု Apex Airlines Dawei Station Supervisor ဒေါ်ယဉ်ယဉ်မွန်ကပြောသည်။

ထားဝယ်-ရန်ကုန်-ကော့သောင်းခရီးစဉ်းများတွင် ခရီးသွားရာသီဖြစ်သည့် မတ်လနှင့် ဧပြီလများတွင် ခရီးသည် အများအပြားဝင်ရောက်လေ့ရှိကာ လက်ရှိတွင်လည်း ဖေဖော်ဝါရီ ၁၈ ရက်အထိ လက်မှတ်များမှာ  လူပြည့်မှာယူထားကြောင်း သိရသည်။

“အခုအချိန်က ကျောင်းပိတ်ရာသီနီးလာပြီဖြစ်တဲ့အတွက် လက်မှတ်ကြိုတင်မှာယူမှုတွေ လုပ်လာတဲ့အချိန်လေ ပုံမှန်အချိန် မျိုးတောင်မှ ခရီးစဉ်တွေမှာလူပြည့်တဲ့အတွက် လက်မှတ်မရတာတွေရှိတော့ လိုင်းတစ်ခု ခဏနားလိုက်တော့ ပိုပြီးကြပ်သွားမယ်။”ဟု ထားဝယ်မြို့ လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ရန်ကုန်-ထားဝယ်-ကော့သောင်းခရီးစဉ်များအတွက် မြန်မာ့လေကြောင်းလိုင်းနှင့် Apex လေကြောင်းလိုင်းတို့မှ နေ့စဉ်ပုံမှန် ပြေးဆွဲပေးလျှက်ရှိပြီး KBZ လေကြောင်းလိုင်းမှ အင်္ဂါ၊ ကြာသာပတေးနှင့် စနေ့သုံးရက်သာ ပြေးဆွဲပေးလျှက်ရှိသည့်အပြင် လေယာဉ်လက်မှတ်ဈေးနှုန်းများမှာလည်း အနိမ့်ဆုံးကျပ်(၅၇၀၀၀)မှ အမြင့်ဆုံးကျပ် (၇၄၀၀၀)အထိရှိကြောင်း သိရသည်။

 

Check Also

မိုင်းဖုန်းဆရာတော် စေတီတည်မည့် ကွတ်ခိုင်မြို့အနီးရှိ လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ်လူသောင်းနှင့်ချီ လာရောက်

  နောင် (မြစ်မခ) လားရှိုး၊ ဇူလိုင် ၉ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၆၀၀၀)ဝန်းကျင်မြင့်သော မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ …