Thursday , November 1 2018
Home / FNews / ပဲခူးတိုင်းအတွင်း ဧပြီ(၁)ရက်မှ စတင်၍ သတ်မှတ်တန်ချိန်ထက်ကျော်လွန် တင်ဆောင်လာသည့် ကားများအား တိုးဂိတ်များမှ ဖြတ်သန်းသွားလာခြင်း ခွင့်မပြုတော့

ပဲခူးတိုင်းအတွင်း ဧပြီ(၁)ရက်မှ စတင်၍ သတ်မှတ်တန်ချိန်ထက်ကျော်လွန် တင်ဆောင်လာသည့် ကားများအား တိုးဂိတ်များမှ ဖြတ်သန်းသွားလာခြင်း ခွင့်မပြုတော့

မျိုးမြတ် (မြစ်မခ)

ပဲခူး၊ ဖေဖော်ဝါရီ (၉)ရက်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဧပြီ (၁)ရက်မှ စတင်၍ သတ်မှတ်တန်ချိန်ထက်ကျော်လွန်ပြီး တင်ဆောင်လာသည့် ယာဉ်များအား လမ်းအသုံးပြုခွင့်ကောက်ခံသော တိုးဂိတ်များမှ ဖြတ်သန်းသွားလာခြင်း ခွင့်မပြုတော့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆောက်လုပ်ရေး၊ လမ်းဦးစီးဌာနမှ သိရှိရသည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် လမ်းရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ရည်ရွယ်ကာ တန်ပို တင်ဆောင်သည့် ယာဉ်များအား ဧပြီ(၁)ရက်မှ စတင်၍ ဖြတ်သန်းခွင့်မပြုတော့ကြောင်းကို အများပြည်သူ သိရှိစေရန် တိုးဂိတ်များတွင် ဗွီနိုင်းထောင်ခြင်း၊ လမ်းကမ်းစာစောင်ဖြန့်ဝေခြင်းကို မတ်လ(၃၁)ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“BOT စနစ်နဲ့ လမ်းပိုင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေကိုလည်း သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်နိုင်ဖို့ လမ်းဦးစီးဌာနကလည်း စနစ်တကျကြီးကြပ်ဆောင်ရွက်နေပါတယ်။ မတ်လကုန်အထိတော့ တန်ပိုတင်ဆောင်လာတဲ့ ကားတွေကို တန်ပို(၁)တန်(၁)မိုင်ကို လမ်းအသုံးပြုခ(၄၀၀)ကျပ်နှုန်း တွက်ချက်ပြီး ဒဏ်ကြေးအဖြစ်ကောက်ခံခဲ့ပါတယ်။ လာမယ့် ဧပြီ(၁)ရက်က စတင်ပြီးလက်မခံတော့ပါဘူး။ ဖြတ်သန်းခွင့် လည်း မပြုတော့ပါဘူး။”ဟု ပဲခူးတိုင်းဒေသကြီး ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်ထွန်းက ပြောသည်။

Build-Operate and Transfer (B.O.T) စနစ်ဖြင့် လမ်းပိုင်းဆောင်ရွက်နေသည့် ကုမ္ပဏီ(၈)ခုရှိပြီး၊ အစိုးရ သတ်မှတ်ထားသည့် မိုင်နှုန်းအတိုင်း ယာဉ်ကြီး၊ ယာဉ်ငယ်၊ ကားအမျိုးအစား၊ ကုန်စည်တင်ဆောင်မှု အပေါ် မူတည်ကာ တစ်မိုင်လျှင်လမ်း အသုံးပြုခအနိမ့်ဆုံး(၅)ကျပ်မှ  အများဆုံး (၃၅၀)ကျပ်အထိ ကောက်ခံခွင့် ပြုထားပြီး ပဲခူးတိုင်းအတွင်း တာဝန်ယူထားသော လမ်းပိုင်းများ၌ နေ့စဉ် ယာဉ်အစီးရေ ငါးထောင်ဝန်းကျင် ဖြတ်သန်းနေကြောင်း သိရသည်။

“ယာဉ်တစ်စီးမှာရှိရမယ့် တန်ချိန်ထက် တန်ပိုတင်ပြီး ခရီးသွားရတာ အန္တရာယ်တော့များပါတယ်။ တစ်ချို့ ကုန်ပစ္စည်းတွေမှာ တန်ပိုတင်ဆောင်မှ ကုန်သည်တွေနဲ့ ကားသမားအတွက် တွက်ခြေကိုက်တာတွေ ရှိပါတယ်။ ပေးဆောင်ရတဲ့ အခွန်အခတွေနဲ့ ကားခတွေ နှုတ်လိုက်ရင် ကုန်သည်အတွက် မကျန်တော့လို့ ကုန်သည် အများစုက တန်ပိုတင်ဆောင်ရတာ ရှိတယ်။”ဟု ရန်ကုန်-မြ၀တီ ကားပြေးဆွဲနေသည့် ယာဉ်မောင်း ဦးဝင်းမြင့်က ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းအသုံးပြုခွင့်ကောက်ခံရရှိထားသော ကုမ္ပဏီ(၈)ခုမှာ ရန်ကုန်-တောင်ငူ-မန္တလေးလမ်းမိုင်တိုင်အမှတ်(၃၂/၆)မှ မိုင်တိုင်အမှတ်(၅၀)အထိ လမ်းပိုင်းကို မက်စ်ဟိုင်းဝေးကုမ္ပဏီ၊ မိုင်တိုင်အမှတ်(၅၀)မှ (၉၈၀အထိလမ်းပိုင်းကို ရွှေသံလွင်ကုမ္ပဏီ၊ မိုင်တိုင်အမှတ်(၉၈)မှ (၁၄၆)အထိကို ဟိုက်စတားကုမ္ပဏီ၊ မိုင်တိုင်အမှတ်(၁၄၆)မှ (၁၉၄)အထိလမ်းပိုင်းကို ကမ္ဘောဇကုမ္ပဏီ၊ မိုင်တိုင်အမှတ် (၁၉၄)မှ(၂၁၇)အထိကို Oriental  Hightway ကုမ္ပဏီနှင့် ရန်ကုန်-မော်လမြိုင်-မြိတ်မိုင်တိုင်အမှတ်(၆၀)မှ (၈၆)အထိလမ်းပိုင်းကို ရွှေသံလွင်ကုမ္ပဏီ၊ ရန်ကုန်-ပြည်လမ်းမိုင်တိုင်အမှတ်(၇၀)မှ(၁၉၃)အထိကို မက်စ်ဟိုင်းဝေးကုမ္ပဏီ၊ ပန်းတောင်း-တောင်ကုတ်လမ်းမိုင်တိုင် အမှတ်(၁၄)မှ(၄၁)အထိကို နေလသစ္စာ ကုမ္ပဏီတို့က လမ်းအသုံးပြုခကောက်ခံလျက်ရှိကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …