Thursday , November 1 2018
Home / FNews / ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းပေါ်ရှိ ရာမောင်ကြိုးတံတား ဖြတ်သန်းသွားလာခွင့်ကို ဇန်နဝါရီ(၅)ရက်မှ စတင်ခွင့်ပြု

ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းပေါ်ရှိ ရာမောင်ကြိုးတံတား ဖြတ်သန်းသွားလာခွင့်ကို ဇန်နဝါရီ(၅)ရက်မှ စတင်ခွင့်ပြု

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ ဇန်နဝါရီ (၅)ရက်။

ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းပေါ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ရာမောင်ကြိုးတံတား ဖြတ်သန်း သွားလာခွင့်ကို ဇန်နဝါရီ(၅)ရက်မှ စတင်၍ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တံတားသည် ပျက်စီးနေခြင်းကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီးစား ပြုပြင်ရန် ၂၀၁၆ ခုနှစ်၊ ဧပြီ(၂၈) ရက်မှစ၍ မည့်သည်ယာဉ်မှ မဖြတ်သန်းရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

“တံတားရဲ့ ကြမ်းခင်းတစ်ခုလုံးကို အသစ်ပြန်ခင်းထားပါတယ်။ တံတားပြင်ဆင်တာ ပြီးစီးတာမို့ ဒီနေ့က စပြီး ဆိုင်ကယ်နဲ့ ကားတွေ အားလုံးကို ဖြတ်သန်းခွင့် ပြုလိုက်ပါပြီး။ အခကြေးငွေပေးရတဲ့ ဇက်သင်္ဘောတွေနဲ့ ဖြတ်ကူးစရာ မလိုတော့ပါဘူး။ ခရီးသည်တွေအတွက် အဆင်ပြေသွားပါပြီး။”ဟု ရန်ကုန်-စစ်တွေ ပြေးဆွဲ နေသည့် အောင်စစ်ခိုင်ကားဂိတ်မှူး ဦးပေါက်စကပြောသည်။

အဆိုပါ တံတားအား (၈)လခန့်ကြာ ပြင်ဆင်ခဲ့ရပြီး တံတား၏ အောက်ခံသံဘောင်များ (၈၀) ရာခိုင်းနူန်းနှင့် ကြမ်းခင်းများအားလုံးအား အစားထိုး လဲလှယ်ခဲ့ရကြောင်း တံတားပြင်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

“ရာမောင်တံတားပျက်နေတုန်းက ဒီကိုရောက်ရင် ကားတွေက ဇက်ကူးဖို့အတွက် ၄ နာရီ နီးပါစောင့်ရတယ်။ ကားသမားတွေအပါအဝင် ခရီးသည်တွေအားလုံး ဒုက္ခရောက်ကြခဲ့တယ်။ အခုတော့ အားလုံးတံတားပေါ်ကနေ သွားနေကြပါပြီး။ တံတားပြင်နေတုန်းက ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်တွေလည်း ပြန်ဖျက်နေကြပါပြီ။” ဟု ရာမောင်တံတားအနီး၊ အမ်းသားကျေးရွာမှ ဒေါ်မရီဌေး က ပြောသည်။

ရာမောင်ကြိုးတံတားသည် မင်းပြားမြို့နယ်ရှိ ရာမောင်မြစ်ကို ဖြတ်ကူးတည်ဆောက်ထားသည့် နာမည်ကျော် ကြိုးတံတား တစ်စင်းဖြစ်ကာ အဆိုပါ တံတားပျက်စီးနေခြင်းကြောင့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များမှ ဒေသခံများ သွားလာရေး အခက်အခဲနေရကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …