Monday , May 27 2019
Home / FNews / တိုင်းဧရာအတွင်းရှိ ကြိုးတံတား ၄ စင်းကို ပြင်ဆင် ဆောက်လုပ်မှု တစ်နှစ်ခန့်ကြာမြင့်မည်

တိုင်းဧရာအတွင်းရှိ ကြိုးတံတား ၄ စင်းကို ပြင်ဆင် ဆောက်လုပ်မှု တစ်နှစ်ခန့်ကြာမြင့်မည်

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ ဒီဇင်ဘာ ၂၀ ရက်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနှင့် လပွတ္တာပင်လယ်လေး ကြိုးတံတားများကို ပြန်လည်ပြင်ဆင်ဆောက်လုပ်လျက်ရှိပြီး ဝါးခယ်မကျွန်းကုန်း ကြိုးတံတားကို ဖျက်ပြီး  အသစ် တည်ဆောက်နေပြီဖြစ်ရာ တံတားအားလုံးပြင်ဆင်တည်ဆောက်မှု တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြိုးတံတား ၇ စင်းရှိသည့်အနက် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်က မြောင်းမြ ကြိုးတံတား ပျက်ကျခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ရသည့် နောက်ပိုင်း ပုံစံတူဆောက်လုပ်ထားသည့် ကြိုးတံတား အားလုံး ကြံခိုင်မှု အားနည်းနေသဖြင့် ခံနိုင်ဝန်တန်ချိန်များကို လျော့ချသတ်မှတ်ခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများနှင့် အသစ်တည်ဆောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဝါးခယ်မတံတား၊ ရွှေလောင်းတံတား၊ လပွတ္တာပင်လယ်လေးကြိုးတံတား ၃ စင်းကို ပြင်ဆင်နေပါတယ်။  ကျွန်းကုန်းတံတားက ဖျက်ပြီးဆောက်မယ် ခန့်မှန်းခြေ ပြင်ဆင်ချိန် တစ်နှစ်လောက် ခန့်မှန်းထားပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

တံတားများ ပြင်ဆင်နေသည့် အချိန်တွင် ခရီးသွားလာမှု ကုန်စည်စီးဆင်းမှုများ မပြတ်တောက်စေရန် ဆောက်လုပ်ရေး ဦးစီးဌာနမှ ဇက်များဖြင့် လူနှင့် ယာဉ်များကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

“ဇက်နဲ့ ကူးပေးနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဇက်ကူးခတွေက ဆိုင်ကယ်တစ်စီးတောင် တစ်ထောင် လူတစ်ယောက် နှစ်ရာ အိမ်စီးကားငယ်တွေတောင် လေးထောင် ခရီးသည်တင်ကားတွေက တစ်ခေါက် တစ်သောင်းဆိုပြီး ကောက်နေတော့ ဒေသခံတွေရော ခရီးသွားတွေရော ကုန်သည်တွေပါ တော်တော် အခက်အခဲဖြစ်နေတယ်။”ဟု ဝါးခယ်မမြို့ဒေသခံ ဒေါ်မေဇင်အောင်က ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ကြိုးတံတားအားလုံးမှာ တပ်မတော်အစိုးရတာဝန်ယူခဲ့သည့် ကာလတစ်လျှောက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အကြီးဆုံး တံတားမှာ ပုသိမ်မြို့နှင့် အနောက်ဘက် ကမ်းခြေဒေသများကို ဆက်သွယ်ထားသည့် ပုသိမ်ကြိုးတံတားဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။

Check Also

မိုင်းဖုန်းဆရာတော် စေတီတည်မည့် ကွတ်ခိုင်မြို့အနီးရှိ လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ်လူသောင်းနှင့်ချီ လာရောက်

  နောင် (မြစ်မခ) လားရှိုး၊ ဇူလိုင် ၉ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၆၀၀၀)ဝန်းကျင်မြင့်သော မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ …