Monday , May 27 2019
Home / သတင်း / ဒေသတွင်းသတင်း / စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ နာဂသို့ ခရီးသွားမည်

စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ နာဂသို့ ခရီးသွားမည်

 

အေမီအောင် (မြစ်မခ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့် တင်ရေး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ နာဂခရီးစဉ်ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၈ ရက်အထိ ခရီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ခရီးစဉ်တွင် ကား ၁၉ စီးဖြင့် လူ ၆၁ ဦးလိုက်ပါမည်ဖြစ်ကာ မုံရွာမြို့မှ စတင်၍ အလောင်းတော် ကဿဖ၊ ကလေးဝမြို့၊ မော်လိုက်မြို့၊ ဟုမ္မလင်းမြို့၊ လေရှီးမြို့ရှိ နာဂရိုးရာပွဲတော်၊ မူးချောင်း၊ မိုင်းချောင်းနှင့် မဟာမြိုင်တောလမ်း-သက္ကယ်ကျင်း-ရေဦး-ရွှေဘိုမြို့များကို ဖြတ်၍ စစ်ကိုင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

“ဒီခရီးစဉ်စီစဉ်ဖြစ်တာက အစိုးရက စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် လုပ်တဲ့ လုပ်ငန်း စဉ်ထဲက တစ်ခုပေါ့။ တိုင်းအစိုးရက သွားဖို့လိုတဲ့ ဘယ်ဒေသတွေ နေရာတွေ သွားသင့်တယ်။ လမ်းကြောင်း တွေကို လမ်းညွှန်ပေးမယ်။ လုံခြုံရေး နေရေး၊ ထိုင်ရေး လုပ်ပေးမယ်။ စစ်ကိုင်းတိုင်းက သိပ်ကျယ်တဲ့ ဒေသ  ဖြစ်တော့ ပထမအကြိမ်တုန်းက စစ်ကိုင်းတိုင်းရဲ့အရှေ့ဘက်တစ်ခြမ်းပေါ့ အခုက ချင်းတွင်းမြစ်ဘက်ခြမ်းကို လုပ်ပေးတာ။ ချင်းတွင်းမြစ်ဘက်ခြမ်းက ပွင့်လင်းရာသီမှာ သွားလို့ရတာပေါ့။ တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ အခုက လေရှီးထိပဲပေါ့။ နောက်တစ်ကြိမ်ဆို မိုင် ၁၄၀ လောက် မြောက်ဘက်ခြမ်းကို သွားလို့ ရသေးတယ်။ ဇလုံတောင်ခရီးစဉ်ကိုလည်း တိုင်းအစိုးရက ဖော်ထုတ်ပေးခဲ့ပါတယ်။”ဟု စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဌေးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ ခရီးသွားကဏ္ဏကို ဖော်ထုတ်ရန်အတွက် ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ကောလင်း၊ မုံရွာ၊ ရန်ကုန်ခရီးစဉ်ကိုလည်း တိုင်းအစိုးရနှင့် မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းစီစဉ်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်း ဥက္ကဌ ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် နေရာဒေသ များစွာရှိနေပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှလည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

 

Check Also

မိုင်းဖုန်းဆရာတော် စေတီတည်မည့် လွိုင်ဆမ်ဆစ်တောင်တွင် စုပေါင်းသန့်ရှင်းရေးနှင့် လှေကားထစ်များပြု လုပ်မည်

  နောင်(မြစ်မခ) လားရှိုး၊ ဇူလိုင် ၅ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ရှိ မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ်တောင်တွင် လာရောက်သူများ အတက်အဆင်း အဆင်ပြေစေရန် …