Thursday , November 1 2018
Home / FNews / ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် သမိုင်းဝင်စေတီ၊ ပုထိုးများမှ ၉၅ ရာခိုင်နှုန်းခန့်ကို ၂၀၂၀ ခုနှစ်တွင် ပြုပြင် ပြီးစီးမည်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် သမိုင်းဝင်စေတီ၊ ပုထိုးများမှ ၉၅ ရာခိုင်နှုန်းခန့်ကို ၂၀၂၀ ခုနှစ်တွင် ပြုပြင် ပြီးစီးမည်

 

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ ဇူလိုင် ၆ ရက်။

လက်ရှိအစိုးရသက်တမ်းအတွင်း ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် သမိုင်းဝင်စေတီပုထိုးများမှ ၉၅ ရာခိုင်နှုန်း ခန့်ကို ၂၀၂၀ ခုနှစ်တွင် ပြုပြင်ပြီးစီးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရှိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက ငလျင်လှုပ်ခတ်ခြင်းကြောင့် ပုဂံ၊ ညောင်ဦးဒေသတွင် စေတီပုထိုးပေါင်း (၃၀၈)ဆူနှင့် မြောက်ဦး၊ ချောက်၊ ရေနံချောင်း၊ မကွေးမြို့များတွင်လည်း ရှေးဟောင်းစေတီပုထိုး (၁၀၀)ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

“အခုဆိုရင်သဘာဝဘေးဒဏ်ကြောင့် ပျက်စီးရတဲ့စေတီပုထိုး သာသနိကအဆောက်အဦများရဲ့ ၆၀ ရာခိုင်နှုန်း ကျော်လောက် ပြင်ပြီးပြီလို့ပြောလို့ရပါတယ်။ ၄၀ ရာခိုင်နှုန်းကလည်း အရေအတွက်မများပါဘူး။ထုထည်ကြီးမား တဲ့ ဥာဏ်တော်မြင့်သမိုင်းဝင်စေတီပုထိုးတော်ကြီးဖြစ်တဲ့ ထီးလိုမင်းလို၊ စူဠမဏိပုထိုး တွေတို့လို သမိုင်းဝင် စေတီပုထိုးတော်များဖြစ်ပါတယ်။ သဗ္ဗညုဆို ငလျင်တုန်းက ပျက်စီးတယ်မထင်ရဘူး။ ခေတ်မီနည်းစနစ်တွေနဲ့ ကြည့်မှပဲ အတွင်းကြေသွားတာတွေ့ ရပါတယ်။”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။

ပုဂံဒေသရှိ ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများကို တရုတ်နိုင်ငံမှ ဗိသုကာပညာရှင်များဖြင့် ပြုပြင်နေကြောင်း သိရသည်။

“သဗ္ဗညုကိုပြင်မယ်ဆို အနည်းဆုံး ၅ နှစ်မက ကြာမှာဖြစ်ပါတယ်၊၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ သမိုင်းဝင်စေတီပုထိုး ၉၅ ရာခိုင်နှုန်းခန့်က လက်ရှိအစိုးရသက်တမ်းကာလ ၂၀၂၀ဆို ပြင်ပြီးမှာဖြစ်ပါတယ်။” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ဆက်ပြောသည်။

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများကို ပြုပြင်ရာတွင် နိုင်ငံတော်ထံမှ ဘဏ္ဍာ ရန်ပုံငွေ တင်ပြတောင်းယူခြင်း မပြုခဲ့ဘဲ ပြည်သူများ၏ အလှူငွေများဖြင့်သာ ပြီးမြောက်အောင် ပြုပြင်နေ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

Check Also

၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့ ပထမဦးဆုံး ရေပေါ်နိုင်ငံ

  ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့ ပထမဦးဆုံး ရေပေါ်နိုင်ငံငယ်လေးမှာ ကိုယ်ပိုင်အစိုးရအဖွဲ့နဲ့ အုပ်ချုပ်မှာဖြစ်ပြီး ကိုယ်ပိုင်ငွေကြေးတွေကို သုံးစွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုလီနီးရှားနိုင်ငံ …