Friday , November 2 2018
Home / သတင်း / ဒေသတွင်းသတင်း / ယာဉ်စာရွက်စာတမ်းအတုပြုလုပ်သည့် ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးပေးသည့် ယာဉ်ထိန်းကို ဂုဏ်ပြုဆုချီးမြှင့်

ယာဉ်စာရွက်စာတမ်းအတုပြုလုပ်သည့် ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးပေးသည့် ယာဉ်ထိန်းကို ဂုဏ်ပြုဆုချီးမြှင့်

 

နောင် (မြစ်မခ)

လားရှိုး၊ ဇန်နဝါရီ ၁၉ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအုပ် စေဝင်းအား Lashio  News Group က “ကိုယ်ကျိုးမဖက်တာဝန်ကျေပွန်မှု ၂၀၁၇” ဂုဏ်ပြုဆုပေးအပ်ခြင်းကို ဇန်နဝါရီ ၁၈ ရက်တွင် နယူးပဲလေ့(စ်)ဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အမှတ်(၂၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ ယာဉ်မှုစစ်ရဲအုပ်စေဝင်းမှာ တိုက်ပြေးယာဉ်များနှင့် ကားလိုင် စင်အတု၊ စာရွက်စာတမ်းအတုများ ပြုလုပ်ရောင်းချနေသော ဂိုဏ်းအား ဖော်ထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် ဂုဏ်ပြု ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ Group ရဲ့ရည်ရွယ်ချက်ကိုက ပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကြားမှာ ပြည်သူရဲ့လိုအပ်ချက် ကို ဝန်ထမ်းတွေသိအောင်၊ ဝန်ထမ်းတွေရဲ့လိုအပ်ချက်တွေကိုလည်း ပြည်သူတွေသိအောင်လုပ်ပေးတဲ့အဖွဲ့ဖြစ် ပါတယ်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာပါ။”ဟု Lashio News Group မှ ကိုသိန်းမင်းထွန်းက ပြောသည်။

အဆိုပါယာဉ်မှုစစ် ရဲအုပ်စေဝင်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေ ၃၀ ရက်တွင် တိုက်ပြေးသွားသော ယာဉ်အား လိုက်လံ စုံစမ်းရာမှ ယာဉ်လိုင်စင်နှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့် မှတ်ပုံတင်အတုများပြုလုပ်သည့် ဂိုဏ်းအား (၃)လအတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် ဂုဏ်ပြုခြင်းခံရခြင်းဖြစ်သည်။

“ယာဉ်လိုင်စင်အတုပြုလုပ်သူတွေကို ဖမ်းခဲ့လို့ ဂုဏ်ပြုဆုပေးတာပါ။ ဝန်ထမ်းတွေ စိတ်ဓာတ်တွေ မြင့်မား လာအောင်၊ ဝန်ထမ်းတွေ တာဝန်ကျေပွန်စွာထမ်းဆောင်ဖို့အတွက် တိတိကျကျနဲ့ ရဲရဲတင်းတင်းနဲ့ လုပ်ကိုင်ဖို့ အားတွေ ရရှိလာပါတယ်။’’ဟု ဆုချီးမြှင့်ခံရသူ ရဲအုပ် စေဝင်းကပြောသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊ ယာဉ်မောင်းသင်တန်းများ၊ ဌာနေပြည်သူ့စစ် များ၊ ဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကာ လားရှိုးကြီးဌာနေပြည်သူ့စစ်အဖွဲ့ကလည်း “ရှားလောဟုမ်း’’ ဂုဏ်ပြုစလွယ် ပေးအပ်ခဲ့ကြောင်း သိရသည်။

Lashio News Group သည် ၂၀၁၆ ခုနှစ် မေလအတွင်း မိုးထဲလေထဲတွင် မိမိအသက်ကို အဓိကမထားဘဲ တာ ဝန်ထမ်းဆောင်ခဲ့သော ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲတပ်သား မောင်အောင်ဖြိုးထွန်းနှင့် ဒုရဲမှူး ကျော်ခိုင်အား ၂၀၁၇ ဇန်နဝါရီ ၃ ရက်တွင် Mr.Popular ဆုဖြင့် ဂုဏ်ပြုခဲ့သေးကြောင်း သိရသည်။

Check Also

ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ထက် အခွန်ငွေ ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိ

  သီဟလွင် (မြစ်မခ) ပြည်၊ မတ် ၂၃ ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် ယခု ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်ထက် ကျပ်သန်း(၂၅၀)ကျော် …