Friday , November 2 2018
Home / FNews / ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က ဒေသခံ တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်း ထုတ် ချေးပေးသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဟုဆို

ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က ဒေသခံ တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်း ထုတ် ချေးပေးသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဟုဆို

 

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ နိုဝင်ဘာ ၂၉ ရက်။

မွန်ပြည်နယ်၊ သထုံမြို့ရှိ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က သထုံခရိုင်ဒေသခံများကို တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်း ထုတ်ချေးပေးသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါ ပါတီရုံးမှ သထုံခရိုင်ပါတီစည်းရုံးရေးမှူး ဦးတင့်လွင်က ပြောဆိုလိုက်သည်။

ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က ငွေကျပ်(၁၀)သိန်း ထုန်ချေးပေးနေသည်ဆိုသည့်  သတင်းအရ သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များမှ ဒေသခံများလာရောက်နေကြပြီး ပါတီဝင်ကဒ်ထုတ်ပေးနေခြင်းသာရှိကာ ငွေထုတ်ချေးပေးနေခြင်းမဟုတ်ကြောင်း ဦးတင့်လွင်ကပြောသည်။

“ပါတီကနေငွေချေးပေးမယ်ဆိုပြီး ပါတီဝင်စုစည်းနေတယ်ဆိုတာ မဟုတ်ပါဘူး။ ပါတီဝင်အင်အားများ လာရင် အပြင်က ငွေချေးဌာနတွေနဲ့ ချိတ်ဆက်ပေးပြီး လုပ်ပေးဖို့အစီစဉ်ရှိပါတယ်။ ပါတီဝင်ဖြစ်လာမှ ပါတီ ထောက်ခံ ချက်နဲ့ သူတို့အတွက်လုပ်ပေးဖို့ပါ။ ကျွန်တော်တို့ရုံးကို သူတို့လာပြီး လာလုပ်ကြတာပါ။ ကျွန်တော်တို့ဘက်က စည်းရုံးရေးလည်းမဆင်းပါဘူး။ ပါတီဝင်ချင်တဲ့ ဆန္ဒရှိမှ ဝင်ခွင့်ပေးတာပါ။ ကျွန်တော်တို့က ငွေမချေးပေးပါဘူး။” ဟု ဦးတင့်လွင်က ပြောသည်။

ပါတီ၏ မူဝါဒအရ ပါတီဝင်အင်အားများ တိုးပွားရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး ပါတီဝင်များ၏ စီးပွားရေး၊ အခွင့်အလမ်းရရှိနိုင်ရေး၊ ပါတီဝင်တစ်ဦးအနေဖြင့် တစ်လလျှင်(၃)သိန်းနှုန်းဝင်ငွေရှိပြီး တစ်နှစ်(၃၆) သိန်းရရှိရေးအတွက် အကောင်ထည်ဖော်ဆောင်ရွက်ရန်သာရှိကြောင်း ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (သထုံခရိုင်ရုံး)မှ သိရသည်။

“သထုံမှာ လူတစ်ဦးကို ငွေ(၁၀)သိန်းထုတ်ချေးပေးတယ်ကြားလို့ အဒေါ်အပါအဝင်(၈)ဦးက ဘေးတွဲ ငှားပြီး ဒီလ ၂၄ ရက်က သွားခဲ့ကြတယ်။ သူတို့ရုံးရောက်တော့ လိုအပ်တာတွေတင်ရတယ်။ တင်ပြီးတော့ တစ်ယောက်ကို ကဒ်ပြားတစ်ပြားထုတ်ပေးပါတယ်။ အဲဒီမှာလက်ဗွေနှိပ်ပြီး အဒေါ်တို့ဓာတ်ပုံကို ကပ်ပေး ပါတယ်။ ပိုက်ဆံရလို့လာထုတ်ရင် ဒီကဒ်ပြားကိုပါယူလာဆိုပြီးမှာခဲ့တယ်။ အဒေါ်တို့လည်း စာမတတ်တော့ ပါတီဝင်ကဒ်ပြားမှန်းလဲ မသိဘဲ ယူလာခဲ့တာပေါ့။ အိမ်ပြန်ရောက်မှ စာတတ်တဲ့က လေးတွေက ပါတီဝင် ကဒ်ပြားကြီးလို့ပြောတော့ လန့်သွားတာပေါ့။ ရိုးရိုးငွေချေးပေးတာထင်ပြီး သွားခဲ့တာ။ အဖွဲ့ဝင် လုပ်ရမယ်လို့ ဘာတို့ဆိုရင်တော့လည်း အဒေါ်တို့ ဒီပိုက်ဆံကိုမယူတော့ဘူး။ ဒါနဲ့ ဒီပိုက်ဆံကို ဘယ်တော့ရမလဲလို့ အဒေါ်တို့ကမေးတော့ ၁၂ လပိုင်း ၂၈ ရက်ကျရင် သူတို့ရုံးမှာ အစည်းအဝေးလာတက်ပြီးရင်ရမယ်လို့ ပြောပါတယ်။”ဟု ဥတ္တံတားကျေးရွာ၊ အမှတ်(၁)ရပ်ကွက်နေ ဒေါ်စောလှက ပြောသည်။

ငွေချေးရန်လာရောက်သူများအား ပါတီရုံးမှ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံ(၆) ပုံ နှင့် စာရွက်စာတမ်းခအတွက် ငွေကျပ်(၃)ထောင် ပေးဆောင်ရကြောင်း ငွေချေးရန်လာရောက်သူများထံမှ သိရသည်။

အဆိုပါငွေ ဆုငွေကျပ် (၁၀)သိန်းကို တစ်လလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် (၃)နှစ်ပြန်လည်ပေးဆပ်ရမည် ဆိုသည့် သတင်းကြောင့် ပါတီရုံးသို့ ငွေချေးရန် လာရောက်သူများဖြင့် စည်ကားနေကြောင်း သိရသည်။

ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်)ရုံးအား သထုံမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း စတင်ရုံးစိုက် ဖွင့်လှစ်ထားပြီးနောက် (၉)လတာကာလအတွင်း ပါတီဝင်အင်အားတိုးပွားလာရေး ဆောင်ရွက်နေကြောင်း သိရသည်။

ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး) စတင်ဖွင့်လှစ်သည့်ချိန်မှ (၉)လတာကာလအတွင်း ဘီးလင်း၊ ပေါင်၊ သထုံမြို့နယ်များမှ ပါတီဝင်အင်အား(၁၀၀၀၀)ခန့် ဝင်ရောက်လာပြီဖြစ်ကြောင်း ပါတီရုံးမှ သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …