Friday , November 2 2018
Home / FNews / စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ)

သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ စက်ရုံမှ လက်ရှိ ဝန်ထမ်းများအား အလုပ်မှရပ်စဲမည်ဖြစ်ကြောင်း ယင်းစက်ရုံရှိဝန်ထမ်းများထံမှ သိရှိရသည်။

အဆိုပါ စက်ရုံပိတ်သိမ်းပါက ယင်းစက်ရုံတွင် အလုပ်လုပ်နေသည့် ဝန်ထမ်း(၄၀၀)ကျော်သည် အလုပ်လက်မဲ့ ဖြစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လက်ရှိ စစ်တောင်းစက္ကူစက်ရုံရပ်စဲပါက လက်ရှိဝန်ထမ်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို လက်ရှိအစိုးရမှ တာဝန်ယူပေးဖို့၊ ဘာဖြစ်လို့လဲဆိုတော့ လျော်ကြေး(၅)လစာနဲ့ လက်ရှိ ဝန်ထမ်းများရဲ့ စားဝတ် နေရေး၊ မိသားစုဝင်များ၊ ကျောင်းသား၊ သက်ကြီးရွယ်အိုတွေဘဝအခက်ခဲကို စဉ်းစားပေးစေချင်တယ်။ ဒီလျော် ကြေးပေးပြီး အလုပ်မှရပ်ဆိုင်းတဲ့အပေါ် ဝန်ထမ်းအားလုံးကန့်ကွက်ပါတယ်။ ဟု စစ်တောင်းစက္ကူစက်ရုံမှ လုပ်သား ဦးစိန်အောင်က ပြောသည်။

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ နိုဝင်ဘာလ(၂၉)ရက်တွင် စစ်တောင်းစက္ကူစက်မြေဧရိယာ (၆၉၈.၄၂)ဧကနှင့် အဆောက်အဦများ၊ လျှပ်စစ်ဓါတ်အားခွဲရုံများ၊ ရေပေးဝေရေးစက်ရုံများ၊ ဝန်ထမ်းအိမ်ယာ အဆောက်အဦးများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းမြေ(၉၆၃၀)ဧကတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းပေးရန် ပြည်နယ်အစိုးရမှ ခွင့်ပြုပြီးဖြစ်၍ စက်ရုံအားနိုဝင်ဘာလ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား တာဝန်မှရပ်စဲကာ နစ်နာကြေး(၅)လစာထုတ်ပေးမည့် နို့တစ်စာကပ်ထားသည်ကို အလုပ်သမားများမှ မကျေနပ်ဖြစ်နေကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၅)တွင် ပြဌာန်းထားသည့်အလုပ်သမားရေးရာ အငြင်း ပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း(၂)အပိုဒ်(ဏ)တွင် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမား အဖွဲ့အစည်းများ လူမှုဘဝအေးချမ်းတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေနိုင်သည့် အငြင်းပွားမှုများကို အလုပ်သမားညှိနှိုင်းဖြန်ဖြေ ရေးရုံးခုံသမာဓိအဖွဲ့မှ ဖြေရှင်းပေးရမည်ဟု ဖော်ပြထားသည်။

“ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီက ပထမတော့ စက်မှုဇုန်တည်ဆောက်မယ်ဆိုပြီး၊ မလုပ်ဖြစ်တော့လို့အစိုးရကို ပြန်အပ်တာနဲ့ တူတယ်။ အလုပ်မရှိတော့လို့ ဝန်ထမ်းတွေကို ဖြုတ်တယ်ဆိုရင်တော့ ဝန်ထမ်းတွေရဲ့ သဘောထားပါပဲ။ ဝန်ထမ်းတွေမှာက မိသားစုတွေဘဝတွေရှိတယ်လေ။ နေထိုင်ဖို့နေရာ ပြဿနာတွေ ရှိနေတယ်။ ဝန်ထမ်းတွေအခက်ခဲဖြစ်နေတဲ့အပေါ် ကုမ္ပဏီနဲ့ညှိနှိုင်းဆွေးနွေးသင့်တယ်။”ဟု မွန်ပြည်နယ်၊ အမှတ်(၁၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက ပြောသည်။

စစ်တောင်းစက္ကူစက်ရုံကို နိုင်ငံတော်အစိုးရသည် ၁၉၆၇ ခုနှစ်မှစတင်၍ စတင်တည်ဆောက်လုပ်ငန်း အကောင်အထည်ဖော်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီအား နှစ်(၃၀)လုပ်ကိုင်ခွင့်ဖြင့် ငှားရမ်းခဲ့သော်လည်း စက်ရုံလည်ပတ်နိုင်ခြင်း မရှိသည့် အပြင်ဝန်ထမ်းတစ်ထောင်ကျော်ထဲမှ ပြောင်းရွှေ့၊ နှုတ်ထွက်သွားကြသဖြင့် လက်ရှိဝန်ထမ်း(၄၇၆)ဦးသာ ကျန်ရှိကာ ယင်းတို့ကို လက်ရှိအချိန်ထိ နေထိုင်ခွင့် ပေးထားကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …