Monday , May 27 2019
Home / သတင်း / ပြည်သူ့ သတင်း / မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး အချိန်မှီ ဖြေရှင်းနိုင်ရန် အမြဲတမ်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရေး တောင်းဆိုထား

မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး အချိန်မှီ ဖြေရှင်းနိုင်ရန် အမြဲတမ်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရေး တောင်းဆိုထား

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအရေးကို အချိန်မှီ ဖြေရှင်းနိုင်ရန် မြန်မာအစိုးရ နှင့် ထိုင်းအစိုးရတို့ ပါဝင်သည့် အမြဲတမ်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရန် တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရှိရသည်။

ရန်ကုန်မြို့ရှိ City star hotel တွင် ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အခက်အခဲများ စာနယ်ဇင်းရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုကြခြင်းဖြစ်သည်။

“မြန်မာအလုပ်သမားတွေနဲ့ မိသားစုတွေဟာ နေ့စဉ်အသက်မွေးဝမ်းကျောင်းဘဝတွေကို စိန်ခေါ်ခံနေရပါတယ်။ ၂၀၀၅ ခုနှစ်လောက်က အမှုတွေဆို ၂၀၁၆ ခုနှစ်လောက်မှပြီးတယ်။ အမှုတွေက ၁၀ နှစ်လောက်ကြာတယ်။  ထိုင်းဥပဒေအရ နစ်နာကြေးတွေကို ၅ နှစ်ကျော်လောက်မှ မရရင် ထုတ်လို့ မရတော့ဘူး။အမှုပြီးတဲ့အချိန် သူတို့ ကို ပြန်ရှာလို့လည်း မရတော့ဘူး။ ဖိလစ်ပိုင်နိုင်ငံကို ဥပမာထားကြည့်ပါ။ အိမ်ဖော်လုပ်ငန်းတွေအများဆုံး တင်ပို့ တဲ့နိုင်ငံ အမြဲတမ်းကော်မတီဖွဲ့ထားတယ် အချိန်နဲ့တပြေးညီဖြေရှင်းနိင်တယ်။ မြန်မာအစိုးရကသာ အမြဲတမ်း ကော်မတီ တစ်ရပ်ဖွဲ့ထားမယ်ဆို ဘယ်အပိုင်းကိုဘယ်လိုဖြေရှင်းမယ်။ ဖြစ်ပျက်နေတဲ့ အမျိုးအစားပေါ်မူတည်ပြီး အမြဲတမ်းကော်မတီက နှစ်နိုင်ငံအလုပ်သမားသံအရာရှိတွေက ဥပဒေအရဖြေရှင်းလို့ရသွားမယ်။”ဟု ရွှေ့ပြောင်း အလုပ်သမားအရေး အကူအညီပေးရေး ကွန်ရက်မှ ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် ဖမ်းဆီးခံရခြင်းနှင့် အခြားထိခိုက်နစ်နာမှုများ ဖြစ်ပေါ်မှသာ မြန်မာအစိုးရမှ အရေးပေါ်လာရောက် ဖြေရှင်းပေးကြပြီး နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင်များ၊ သံရုံးမှ အရာရှိများ၊ ဥပဒေ ပညာရှင်များ၊ အလုပ်သမား အရေးကူညီနေသည့်အဖွဲ့များ ပါဝင်သည့် အမြဲတမ်းကော်မတီတစ်ရပ်သာ ဖွဲ့စည်းထားပါက ဖြစ်ပွားသည့် အမှုအလိုက် ပြဿနာများကို အချိန်နှင့် တပြေးညီ ကိုင်တွယ် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဦးမိုးကြိုးက ဆက်ပြောသည်။

အမြဲတမ်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရန် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် သံရုံးတို့ကို ထိုင်းနိုင်ငံအတွင်း မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူ များက တင်ပြထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်အကူအညီတောင်းခံသူဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ၂၄၆ ဦးရှိရာ  တရားမဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအများအပြားလည်းရှိနေကြောင်း ထိုင်းနိုင်ငံရှိ လေဘာဟစ်တိုင်အဖွဲ့မှ သိရသည်။

“ဌာနဆိုင်ရာတွေ အနေနဲ့ ပြည်ပထွက်မည့် အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားတွေကို Mou စနစ်နဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ လုပ်ကိုင်စေချင်ပါတယ်၊ Mou စနစ်နဲ့ မသိကြလို့ ဖျားယောင်းသွေး ဆောင် ခံရပြီး နယ်စပ်အဝင်မှာပဲ အဖမ်းခံနေရတယ်။ နိုဝင်ဘာ ၃ ရက်က လူပေါင်း ၆၈ ဦးကို မဟာချိုင်မှာ ဝင်ဖမ်းတာ ၃၄ ယောက်ပဲ အချိန်မှီ ထွက်လာခဲ့လို့ လွတ်တယ်။”ဟု ထိုင်းနိုင်ငံရှိ လေဘာဟစ်တိုင်အဖွဲ့ဝင် ဦးစိုးလင်းအောင်က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးရေ ၄ သန်းခန့်ရှိသော်လည်း တရားဝင်လုပ်ကိုင်နေသူ ၅ သိန်းခန့်သာ ရှိကြောင်း သိရသည်။

 

Check Also

GrabTaxi ဂိတ်များကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဈေးဝယ်စင်တာများနှင့် ရုံးအဆောက်အဦးများတွင် ထားရှိ

ကြယ်စင်လင်း (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်။ Grab က ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့်ပူးပေါင်း၍ ရန်ကုန်မြို့ရှိဈေးဝယ်စင်တာများနှင့် ရုံးအဆောက် အဦးများတွင် Grab Taxi ဂိတ်များ …