Monday , May 27 2019
Home / သတင်း / ပြည်သူ့ သတင်း / ပြည်သူများရွေးချယ်တင်မြောက်ထားသည့် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားဆိုသည့် စကားကို အသိအမှတ်ပြုစေလို

ပြည်သူများရွေးချယ်တင်မြောက်ထားသည့် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားဆိုသည့် စကားကို အသိအမှတ်ပြုစေလို

ပိုင်ထက် (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်။

ပြည်သူများရွေးချယ်တင်မြောက်ထားသည့် အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားဆိုသည့် ဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားကို အသိအမှတ်ပြုစေလိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရှိရသည်။

“NLD အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို အသိအမှတ်ပြုစေချင်တယ်။ အခုချိန်ထိ အသိအ မှတ် မပြုနိုင်သေးတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အခုအစိုးရလက်ထက်မှာ အသိအမှတ်မပြုရင် နောင် အသိအမှတ်ပြုဖို့ဆိုတာ မလွယ်တော့ဘူး။”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

NLD အစိုးရလက်ထက် လွှတ်တော်အသီးသီးရှိ ကိုယ်စားလှယ်များတွင်လည်း နိုင်ငံရေးအကျဉ်းသားများဖြစ်ဖူး သူများ ထက်ဝက်ကျော်ပါဝင်နေပြီး နိုင်ငံရေးအကျဉ်းသားဟု အသိအမှတ်မပြုနိုင်သေးသောကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ဦးတိတ်နိုင်က ဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟု အသိအမှတ်ပြုပေးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်အချို့က တင်ပြရန် ကြိုးပမ်း မှုများ ရှိသော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော် ရန်ကုန်တိုင်းက လွှတ်တော်ကိုယ်စားလှယ်ပါ။ နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်းဖြစ်ပါတယ်။  အသိအမှတ်ပြုမယ့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်တင်ဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။  အခု အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မယ်ဆိုရင်လည်း ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပါဝင်ပါ့မယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

အဆိုပါ အသိအမှတ်ပြုမှုအတွက် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ပြီး နိုင်ငံတိုးတက်ရေးဖြစ်စဉ်များတွင် အားပေးကူညီသွားမည်ဖြစ်ကာ နိုင်ငံရေးအကျဉ်းသားဆိုသည့် ဝေါဟာရကို အသိအမှတ်ပြုနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AAPP မှ သိရသည်။

Check Also

GrabTaxi ဂိတ်များကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဈေးဝယ်စင်တာများနှင့် ရုံးအဆောက်အဦးများတွင် ထားရှိ

ကြယ်စင်လင်း (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်။ Grab က ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့်ပူးပေါင်း၍ ရန်ကုန်မြို့ရှိဈေးဝယ်စင်တာများနှင့် ရုံးအဆောက် အဦးများတွင် Grab Taxi ဂိတ်များ …