Monday , May 27 2019
Home / သတင်း / ပြည်သူ့ သတင်း / မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးရယူထားသည့် နယ်မြေများတွင် မိုင်းရှင်းလင်းရေးကို ဆောင်ရွက်ပေးရန် လိုအပ်နေ

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးရယူထားသည့် နယ်မြေများတွင် မိုင်းရှင်းလင်းရေးကို ဆောင်ရွက်ပေးရန် လိုအပ်နေ

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးရယူထားသည့် နယ်မြေများတွင် မိုင်းရှင်းလင်းရေးကို ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် Mr.Yeshua Moser Puangsuwan က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ဇန်နဝါရီလမှ မေလအထိမြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ၃၉ ဦး ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိခဲ့ကြောင်း Mr.Yeshua Moser Puangsuwan ဦးဆောင်သည့် မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာ ရေးအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအသုံးပြုမှုက ဒီနှစ်ထဲအထိ ဆက်လက်ရှိနေပါတယ်။ အများဆုံး ထိခိုက်မှုရှိနေတာ  အရပ်သားတွေပဲ ဖြစ်ပါတယ်။ မြေမြှုပ်မိုင်းနဲ့ ဗုံးဒဏ်ကြောင့် နေအိမ်မှ ထွက်ပြေးနေရတဲ့ အရပ်သားပြည်သူများ ကို ထိခိုက်သေကြေစေတဲ့ တရားမဝင်လက်နက်အသုံးပြုခြင်းကို ဘာကြောင့်မို့ သုံးနေရပါတယ်ဆိုတဲ့ မည်သည့် အကြောင်းပြချက်မျိုးမှ ပေးနေတာမျိုး မဖြစ်သင့်တော့ပါ။ လူသတ်မြေမြှုပ်မိုင်းတွေ အသုံးပြုနေခြင်းကို ကျွန် တော်တို့ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က အပြင်းအထန်ရှုံ့ချပါတယ်။” ဟု မြေမြှုပ်မိုင်းစောင့်ကြည့် လေ့လာရေးအဖွဲ့ ခေါင်းဆောင် Mr.Yeshua Moser Puangsuwan က ပြောသည်။

NCA လက်မှတ်ရေးထိုးနိုင်မှ မိုင်းရှင်းလင်းခြင်းထက် လက်ရှိကာလတွင် တိုက်ပွဲများ မရှိတော့သည့်နယ်မြေများ၊ ငြိမ်းချမ်းရေးရယူထားသည့် နေရာများတွင် မိုင်းရှင်းလင်းရေးကို လုပ်ဆောင်ပေးရန် အစိုးရက တာဝန်ယူ ဆောင်ရွက်သင့်ကြောင်းလည်း Mr.Yeshua Moser Puangsuwan က ဆက်ပြောသည်။

မိုင်းအန္တရာယ်ရှိသည့် သံသယဖြစ်ဖွယ်နေရာများအဖြစ် ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်လုံးနှင့် ကချင် ပြည်နယ်ရှိ ဗန်းမော်၊ ချီဖွေ၊ ဖားကန့်၊ မန်စီ၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက်၊ မြစ်ကြီးနား၊ ရွှေကူ၊ ဆင်ဘို၊ တနိုင်း၊ ဝိုင်းမော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်၊ ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်းတော၊ ပဲခူးတိုင်း ဒေသကြီးတွင် ကျောက်ကြီး၊ ရွှေကျင်၊ သနပ်ပင်၊ တောင်ငူ၊ ရှမ်းပြည်တွင် ဟိုပုံး၊ ဆီဆိုင်၊ သီပေါ၊ ကွတ်ခိုင်၊ ကျောက်မဲ အပါအဝင် မြို့နယ်ပေါင်း ၂၉ မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဘုတ်ပြင်း၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ရေဖြူမြို့တို့ပါဝင်ကြောင်း ယင်းအဖွဲ့၏ ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနစ်အတွင်း မိုင်းနှင့် စစ်အတွင်း ကြွင်းကျန်သော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ကြောင့် ထိခိုက်မှု ၂၀၂ ဦးရှိခဲ့ကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေး အစီရင်ခံစာအရ သိရသည်၊၊

ထိခိုက်ဒဏ်ရာရမှု အများဆုံးမှာ အရပ်သားများဖြစ်ပြီး ၂၀၁၇ ခုနှစ် အတွင်း ကချင်ပြည်နယ်တွင် ၅၄ ဦး၊ ရခိုင်ပြည်နယ်တွင် ၃၇ ဦးနှင့် ရှမ်းပြည်နယ်တွင် ၆၇ ဦး ရှိပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် မြေမြှုပ်မိုင်း ကြောင့် ပြည်သူ ၁၀၀ ဦး အသက်ဆုံးရှုံးခဲ့ရကာ ကချင်ပြည်နယ်တွင် ၇၄ ဦး ၊ ရှမ်းပြည်နယ်တွင် ၁၄ ဦး၊ ချင်းပြည်နယ်တွင် ၁၁ ဦး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ၁ ဦးစီ ရှိကြောင်း သိရသည်။

Check Also

GrabTaxi ဂိတ်များကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဈေးဝယ်စင်တာများနှင့် ရုံးအဆောက်အဦးများတွင် ထားရှိ

ကြယ်စင်လင်း (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်။ Grab က ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့်ပူးပေါင်း၍ ရန်ကုန်မြို့ရှိဈေးဝယ်စင်တာများနှင့် ရုံးအဆောက် အဦးများတွင် Grab Taxi ဂိတ်များ …