Thursday , November 1 2018
Home / သတင်း / နိုင်ငံရေးသတင်း / NLD အစိုးရအပေါ် မျှော်လင့်ချက် မထားတော့ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးငိုင်ဆာခ် ပြော

NLD အစိုးရအပေါ် မျှော်လင့်ချက် မထားတော့ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးငိုင်ဆာခ် ပြော

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက်။

NLD အစိုးရအပေါ် မျှော်လင့်ချက် မထားတော့ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးငိုင်ဆာခ်က ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ မရမ်းကုန်းမြို့နယ်ရှိ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ပြုလုပ်ခဲ့သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ်ညီလာခံတွင် ပြောဆိုလိုက်သည်။

NLD ပါတီဝင် အများဆုံး ပါဝင်ထားသည့် လက်ရှိအစိုးရအဖွဲ့သည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှု အားနည်း နေသည့်အပြင် အစိုးရက ဦးဆောင်ပြုလုပ်နေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲများတွင် မဲအနိုင် မရရှိသည့် ပါတီငယ်များကို ပါဝင်ခွင့် မပြုခြင်းအပေါ် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မျှော်လင့်ချက်လည်း မထားတော့ပါဘူး။ NLD အစိုးရဖွဲ့နိုင်ရင် တိုင်းရင်းသားပါတီတွေအပေါ်မှာ အများကြီး ဂရုစိုက်မယ်။ လက်တွဲခေါ်မယ်။ အများကြီးလည်း လက်တွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းက ကျွန်တော်တို့ မျှော်လင့်ခဲ့သလို ဖြစ်မလာဘူး။ သူတို့ကို မျှော်လင့်သလို ဖြစ်မလာတော့ ကိုယ့်ပါတီက ပြည်နယ်အဆင့်မှာဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်မှာဖြစ်စေ နေရာရနိုင်သလောက်ယူပြီးတော့ ကိုယ့်ရဲ့ တိုင်းရင်းသားအရေး၊ ဖယ်ဒရယ်အရေးကို ကြိုးစားလုပ်သွားရမှာပါပဲ။”ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဌ ဦးငိုင်ဆာ့ခ်က ပြောသည်၊၊

လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပေးရန် လိုအပ်နေပြီး မဲအနိုင် မရသည့် ပါတီများ၏  တင်ပြချက်များကိုလည်း လက်ခံဆွေးနွေးပေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိအစိုးရက အရင်တည်းက မဟာမိတ်ပါတီတွေ ရှိတာပဲ။ UNA ထဲမှာပါတဲ့ ပါတီတွေဆို NLD ကို တောက်လျှောက် ထောက်ခံခဲ့တာ။ NLD ရွေးကောက်ပွဲဝင်လို့ ပြန်ပြီးဝင်လာတဲ့ ပါတီတွေလည်း ပါတာပဲ။ သူက အစိုးရဖွဲ့တဲ့အခါကျ လျစ်လျုရှုထားတာ၊ ပြန်ပြီးဘာမှညှိနှိုင်းတိုင်ပင်တာတွေ မရှိဘူးပေါ့။ အရင်အစိုးရတုန်းကဆို ပါတီအားလုံးကို သမ္မတက ခေါ်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တော်တော်များများ ဆွေးနွေးတိုင်ပင်ထားတာတွေရှိပါတယ်။ အခုလက်ရှိအစိုးရမှာ နိုင်ငံရေးပါတီငယ်များနဲ့ တွေ့ဆုံမှု မရှိဘူးပေါ့။”ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး (၁) ဦးအောင်လိုင်က ပြောသည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၂၆)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်ညီလာခံနောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၈ ရက်တွင် ပါတီ၏ ဗဟို ကော်မတီဝင် ပြန်လည်ရွေးချယ်ခြင်း၊ ချင်းပါတီများနှင့် ပေါင်းစည်းနိုင်ရေးနှင့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အချက်များကို အတည်ပြုဆွေးနွေးမည်ဟု သိရသည်။

Check Also

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြန်စမည်

  မင်းအံ့သွန်း (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)၏ (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) …