Thursday , November 1 2018
Home / FNews / ငြိမ်းချမ်းရေးစကားများ ပြောဆိုရာတွင် မှန်ကန်သည့် စကားများ ပြောရန်လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

ငြိမ်းချမ်းရေးစကားများ ပြောဆိုရာတွင် မှန်ကန်သည့် စကားများ ပြောရန်လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ ဧပြီ (၂၄)ရက်။

ငြိမ်းချမ်းရေးစကားများ ပြောဆိုရာတွင် မှန်ကန်သည့် စကားများနှင့် အကျိုးရှိသည့် စကားများ ပြောရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဧပြီ(၂၄)ရက်က ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) တွင် ပြောဆိုခြင်းဖြစ်သည်။

“ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ဖို့ အချေအတင်ပြောဖို့ အားပေးတာ မဟုတ်ပါဘူး။ ဆွေးနွေးမှု အားလုံးဟာ မှန်ကန်တဲ့ စိတ်ဓါတ်ကို အခြေခံဖို့ ရည်ရွယ်ပြီး ပြောတာပါ။ ပထမဦးဆုံးပြောချင်တာက စကားတစ်ခုဟာ မှန်လား၊ မမှန်လားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒုတိယကတော့ မှန်ရင်တောင်မှ ဒါပြောခြင်းအားဖြင့် အကျိုးရှိသလား၊ ငြိမ်းချမ်းရေးအတွက် ပြောတဲ့အခါမှာ မှန်ကန်တဲ့ စကားတွေ ဖြစ်ဖို့လည်း လိုပါတယ်။ အကျိုးရှိတဲ့ စကားတွေ ပြောဖို့လည်း လိုပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးအတွက် အားလုံးက အကောင်းဆုံး အတွေးအခေါ်တွေကို တင်ပြကာ တင်ပြသည့် ရည်ရွယ်ချက် ပန်းတိုင်ကို မျက်ခြည်မပြတ် သွားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

“အကျိုးရှိတဲ့ စကားတွေ ပြောဖို့လည်း လိုပါတယ်။ တတိယနဲ့ စတုတ္ထကတော့ ခံသာတဲ့ စကား၊ မခံသာတဲ့ စကား ဆိုတာကြည့်ရမယ်။ ခံသာတယ် မခံသာတယ်ဆိုတာထက် အများလက်ခံနိုင်တယ် လက်မခံနိုင်တယ် ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကတော့ အမြဲတစေ မပြောင်းလဲတာ မဟုတ်ပါဘူး။ တချို့စကားတွေက တစ်ချိန်မှာ လက်မခံနိုင်ပေမယ့် နောက်တစ်ချိန်မှာ လက်ခံနိုင်တာ ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ အခုလို အစည်းအဝေးတွေကို ကျင်းပနေတာပါ။“ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ (JICM) အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင် အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဌ  ဗိုလ်မှူးကြီးစောမူတူးဆေးဖိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …