Thursday , June 20 2019
Home / သတင်း / ၀တ္ထု / ကဗျာ /  ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၈)

 ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၈)

၁၉၉၂-၉၃ ကာလတွေပါပဲ။အဲဒီကာလတွေမှာ မြန်မာ့နိုင်ငံရေးရဲ့ လှည့်ကွက်အချို့မှာ ကျွန်မတို့မိသားစုအပါအ၀င် နိုင်ငံရေးမိသားစုအတော်များများကလည်း သားကောင်အဖြစ် ကျားကန်ပြီး နေထိုင်ရချိန်လို့လည်း ဆိုနိုင်ပါတယ်။

 

နိုင်ငံရေးအလှည့်အပြောင်းတွေက နိုင်ငံရေးထဲမှာပါဝင်နေကြရတဲ့ နိုင်ငံရေးသမားတွေနဲ့ သူ့ရဲ့ မိသားစုတွေကိုပါ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပါတယ်။။နိုင်ငံရေးမတည်ငြိမ်ချိန်ကို မုန်တိုင်းကာလလို့ ပြောမယ်ဆိုရင် နိုင်ငံရေးသမားတွေနဲ့ မိသားစုတွေကိုလည်း မုန်တိုင်းထဲက သားကောင်တွေလို့ ဆိုရမှာပါပဲ။

 

၁၉၉၃ အမျိုးသားညီလာခံတက်နေတုန်းမှာပဲ ဖေဖေ့ရဲ့ ရှေ့နေလိုင်စင် သိမ်းခံရပါတယ်။ (ဒါ့အပြင် နောက်ပိုင်းမှာတော့ နောင်ချိုက ကျွန်မတို့မိသားစုပိုင် အိမ်နဲ့ ခြံကိုလည်း အစိုးရက ချိတ်ပိတ်သိမ်းဆည်းခဲ့တယ်)

 

ဖေဖေ့ရဲ့ ရှေ့နေလိုင်စင်ကို အစိုးရက သိမ်းဆည်းတာ ဟာ တရားမျှတမှု မရှိဘူး လို့ ကျွန်မ ယူဆတယ်။ဘာကြောင့်လဲ ဆိုတော့ ၁၉၈၈ အရေးခင်းနောက်ပိုင်းမှာ သပိတ်ထဲပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖေ့ကို ၅၀၅(ခ)နဲ့ တရားစွဲပြီး ထောင်ချခဲ့ပါတယ်။ အဲဒီပြစ်မှုရှိနေတဲ့အတွက် ဒါဟာ ရှေ့နေ ကျင့်ဝတ်နဲ့ မညီဘူးဆိုပြီး လိုင်စင်ကို မတရား သိမ်းဆည်းခဲ့ကြတာပါ။

 

ဘာဖြစ်လို့ မတရား သိမ်းဆည်းခဲ့တယ်လို့ ပြောရတာလည်း ဆိုရင် တရားဥပဒေအရ ဆောင်ရွက်မယ်ဆိုရင် ဖေဖေပြစ်ဒဏ်ခံခဲ့ရတဲ့ ပုဒ်မ ၅၀၅(ခ)ဟာ ကိုယ်ကျင့်တရားသိက္ခာနဲ့ မပတ်သက်တဲ့ ပြစ်မှုပါ။ ဒါနဲ့ ရှေ့နေ လိုင်စင်သိမ်းလို့မရပါဘူး။ နောက်တစ်ချက်ကတော့ ဥပဒေအရ လိုင်စင်သိမ်းတယ် ဆိုရင်လည်း ထုချေခွင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဥပဒေအရ ထုချေခွင့်မပေးဘဲ အနိုင်ကျင့်တဲ့နည်းလမ်းနဲ့ သိမ်းဆည်းခဲ့တဲ့ အတွက် ဖေဖေဟာ ရှေ့နေလိုင်စင် မတရားသိမ်းခံရတယ်လို့ ဒီကနေ့ထိ ကျွန်မ ရင်ထဲမှာ စွဲနေခဲ့ပါတယ်။

 

မြန်မာပြည်မှာ မတရားမှုတွေ ဘယ်လောက်များနေမလဲ၊ ပြီးတော့ တရားဥပဒေ စိုးမိုးမှုလည်း မရှိဘူး၊ တရားသူကြီးချုပ်ကိုယ်တိုင်က မတရားမှု လုပ်နေပြီ ဆိုတော့ ဘယ်နှဲ့လုပ် တရားဥပဒေစိုးမိုးတော့ မှာလဲ။ မြန်မာပြည်ရဲ့ တရားရေး ဟာ လုံးဝကို ပျက်ဆီးသွားပြီ လို့ ကျွန်မ ယူဆခဲ့တာ အဲဒီအချိန်ကတည်းကပါပဲ။

 

တရားဥပဒေမစိုးမိုးတော့တဲ့ အခါ လူတွေက သူတို့မတရားမှုကို ဖော်ထုတ်ပေးမဲ့ သတင်းမီဒီယာတွေကို အားကိုးလာကြတော့တာပါပဲ။ ကျွန်မလည်း ဘီဘီစီကို စာရေးပြီး ပြောရရင်ကောင်းမလား လို့ စဉ်းစားခဲ့ဖူးတယ်။ အဲဒီအချိန်ကစပြီး ကိုယ်တိုင် ရေးသား ပြောဆိုနိုင်ရင် ဘယ်လောက်ကောင်းမလဲ ဆိုတာ ပထမဆုံးအကြိမ် အတွေးထဲ ရောက်လာခဲ့တာပါ။

 

ပြီးတော့ ကျွန်မရဲ့ အချစ်ရေးဟာလည်း စတင်ကတည်းက ဖြောင့်ဖြူးခြင်း မရှိခဲ့ပါဘူး။ သူနဲ့ ကျွန်မကြားမှာ ပြဿနာတွေ ရှိနေခဲ့ပါတယ်။ တကယ်တော့ သူဟာ ကျွန်မကို ချစ်ပေမဲ့ ကျွန်မကိုတော့ မကြိုက်ဘူး ဆိုတာကို သူနဲ့သမီးရည်းစားသက်တမ်းရလာတာနဲ့အမျှ သူ့စာတွေကနေ တဖြည်းဖြည်းချင်းသိလာရပါတယ်။

 

သူက အနေအေးဆေးပြီး အရာရာကို စဉ်းစားလေ့ရှိတဲ့ သူမျိုးပါ။ ရည်းစားဦးဟာ ကျွန်မဖြစ်လာရပေမဲ့ သူ့စိတ်ကူးယာဉ်ထားတဲ့ အေးအေးဆေးဆေးနဲ့ သိုသိုဝှက်ဝှက် ပြုံးရင်တောင်မှ မပီ့တပီပြုံးတတ်တဲ့ မိန်းကလေးမျိုးက ကျွန်မနဲ့ ကွာခြားလွန်းလှပါတယ်။

 

သူက မိန်းကလေးဆိုရင် အရာရာကို သိုဝှက်ထားပြီး ခံစားချက်တွေ အမြင်တွေကို ထုတ်ဖော်စရာမလိုပဲ အေးဆေးနေတဲ့၊ နိုင်ငံရေးကိုလည်း စိတ်မ၀င်စားတဲ့၊ အိမ်ထောင်မှု နိုင်နင်းပြီး ဇာထိုးပန်းထိုးနဲ့ ခင်ပွန်းသည်ရဲ့ ဘေးမှာ အေးဆေးစွာ နေထိုင်ပေးမဲ့ အမျိုးသမီးမျိုးကိုပဲ လိုချင်တယ်ဆိုတာကိုလည်း သူ့စာတွေထဲကနေ သိလာရပါတယ်။

 

သူလိုလားတဲ့ မိန်းမပီပီသသ အေးဆေးသော အမျိုးသမီးတစ်ယောက် ကျွန်မ မဖြစ်နိုင်ဘူးဆိုတာကို သူရော ကျွန်မပါ သိလာရပါတယ်။ အဲဒီအချက်ကတော့ သူနဲ့ကျွန်မကြားမှာ ကြီးမားသော ထိခိုက်မှု မဖြစ်စေဘူးလို့ သူက ပြောပေမဲ့လည်း ကျွန်မ စိတ်ထဲမှာတော့ ထိခိုက်ရပါတယ်။

 

ဒါ့အပြင် ကျွန်မနဲ့ သူနဲ့ကြားမှာ မတူညီသော နိုင်ငံရေးအမြင်ရှိနေကြတယ်။ သူနဲ့ကျွန်မရဲ့ စာတွေမှာ သူ့ကို ကျွန်မမြင်နေရသလို ကျွန်မကိုလည်း သူမြင်နေရမှာပါ။

 

သမီးရည်းစား စာဆိုတာက ချစ်တဲ့အကြောင်းတွေချည်း ရေးကြတဲ့ စာမျိုး မဟုတ်ပါဘူး။

သူ့ရဲ့ လောကပေါ်မှာ မြင်တဲ့အမြင်၊ သူ့ရဲ့ နိုင်ငံရေးအမြင်တွေနဲ့ ကိုယ့်ရဲ့ အတွေးအမြင်တွေကို ဖလှယ်ပြောဆိုရတဲ့ စာတွေပါ။ အဲဒီမှာတော့ သူနဲ့ကျွန်မရဲ့ စာတွေဟာ နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက်ကို ပိုပြီး ဝေးကွာစေခဲ့ပါတယ်။

 

ဒီကြားထဲမှာ ပြဿနာ သေးသေးလေးတွေလို့ ထင်မှတ်ခဲ့တဲ့ အဖုအထစ်လေးတွေလည်း ရှိနေခဲ့ပါတယ်။ တကယ်တော့ ကျွန်မက စိတ်ရှင်းတဲ့ အတွက် ဘယ်ကိစ္စမဆို ရှင်းရှင်းလင်းလင်းနဲ့ ပွင့်လင်းစွာ ဆွေးနွေးရတာမျိုးကို နှစ်သက်ပါတယ်။ဒါပေမဲ့ သူနဲ့ ကျွန်မကြားမှာ အဲဒီလို ပွင့်လင်းစွာ ဆွေးနွေးပြောဆိုဖို့ အခြေအနေမတွေ့ကြုံခဲ့ရတာကတော့ ကျွန်မတို့ရဲ့ ကံကြမ္မာပါပဲ။

 

ဒီအချိန်မှာ တစ်ဖက်ကလည်း မေမေက မိထ္တီလာကောလိပ်ကနေ ရန်ကုန်တက္ကသိုလ်ကို ပြောင်းးရတဲ့ အတွက် ရန်ကုန်မှာ ရပ်တည်နိုင်အောင် ကြိုးစားနေရချိန်ပါ။ ကျွန်မက မေမေနဲ့ အတူတူ ရန်ကုန်မှာ လိုက်နေရချိန်လည်း ဖြစ်ပါတယ်။

 

ဒီကြားထဲမှာ မေမေက သုတေသနတွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့အတွက် ရာထူးတိုးဖို့နဲ့ နိုင်ငံခြားသွားဖို့ အခွင့်အရေးတွေ မကြာခဏ ကြုံခဲ့ပါသေးတယ်။

သို့ပေမဲ့ အမေ့ခမျာ ရာထူးကလည်း မတက်၊ နိုင်ငံခြားသွားဖို့ အရွေးခံရရင်လည်း နောက်ဆုံးမှာ အမြဲတမ်း အတားခံရပြီး ဘယ်တော့မှ မသွားခဲ့ရပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ဖေဖေက အတိုက်အခံနိုင်ငံရေးသမားတစ်ယောက်ဖြစ်နေလို့ပါပဲ၊ အမေ့အစား အခြားတစ်ယောက်က သွားနေတာ၊ ရာထူးတိုးသွားတာ တွေကို အမေ့မျက်စိ့အောက်မှာပဲ မြင်မြင်လာရတော့ အမေအံ့ကြိတ်ပြီး မျက်ရည်ကျခဲ့ရတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ခင်ပွန်းသည်ကို ပါရမီဖြည့်တယ်လို့ ခံစားနှစ်သိမ့်ရင်း နေလာခဲ့ရတာပါ။

 

နောင်ချိုကနေ ဆယ်တန်းအောင်ခဲတဲ့ ကျွန်မက တက္ကသိုလ်တက်မယ်ဆိုရင် လားရှိုးတက္ကသိုလ်တက်ရမှာပါ။ ဒါပေမဲ့ လားရှိုးသွားတက်ရမဲ့ တက္ကသိုလ်စရိတ်၊ နေထိုင်စရိတ်တွေက အမေနဲ့ အဖေကို ၀န်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။အဲဒါကြောင့် ရန်ကုန်မှာ အမေနဲ့ အတူတူနေရင်း ကျောင်းတက်မယ်၊ကျောင်းတက်ဖို့လည်း ရရာ အလုပ်လုပ်ပြီး စရိတ်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်ကို ရောက်လာခဲ့တာပါ။

 

ရန်ကုန်ရောက်တော့ ဖေဖေနဲ့အတူတူ ညီလာခံတက်နေတဲ့ လမ်းမတော်မြို့နယ်က ကိုယ်စားလှယ် ဦးနေဦးက အဲဒီအချိန်မှာ မြန်မာ့စီးပွားရေး ဂျာနယ်ကို ထုတ်ဝေနေပါပြီ။ အဲဒီဂျာနယ်ကို ယူရောင်းပေးမယ် တစ်စောင်ချင်းအပေါ်မှာ ရောင်းလို့ရတဲ့ အမြတ်ကို စုထားပြီး ကျောင်းတက်မယ်လို့ လှည်းတန်းမီးပွိုင့်နဲ့ မင်္ဂလာဈေးမှာ ဂျာနယ်လက်ပွေ့ရောင်းခဲ့ပါသေးတယ်။

 

မှတ်မိပါသေးတယ်၊ ဂျာနယ်တွေကို မင်္ဂလာဈေးမှာ လက်ပွေ့လိုက်ရောင်းနေရင်းနဲ့ မေမေစီးနေကြဖိနပ်လေးတွေ တွေ့တော့ အမေ့အတွက် ဖိနပ်တစ်ရံနဲ့ ကျွန်မ အတွက်ဖိနပ်တစ်ရံ ၀ယ်ဖြစ်ခဲ့တယ်။ အဲဒီလို ၀ယ်လိုက်တဲ့အတွက် ကျွန်မမှာ အရင်းငွေတောင်ပါသွားတော့ ချက်ခြင်း နောင်တ ရပြီး ကျွန်အတွက် ၀ယ်ထားတဲ့ ဖိနပ်ကို ပြန်သွင်းဖို့ ကြိုးစားမိတယ်။ ဈေးသည်ကလည်း ခပ်စွာစွာပါ၊

ကျွန်မကလည်း အကျိုးအကြောင်း သေချာ ရှုင်းပြပေမဲ့ မရတော့ ၀မ်းနည်းပြီး ငိုချင်လာတယ်။ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတယ်။ အဲဒီကတည်းက စိတ်ခံစားချက်နဲ့ မစဉ်းစားဘဲ ဆုံးဖြတ်ပြီးရင် မှားမှား မှန်မှန် နောက်ဆုတ်လို့မရဘူး ဆိုတဲ့ အသိကို နှလုံးသွင်းမိတော့တယ်။နောက်ပြန်ဆုတ်ဖို့ ခက်တဲ့ ကိစ္စတွေကို တော့ သေချာ စဉ်းစားဖို့ လိုပါတယ်။

 

ကျွန်မကတော့ ဂျာနယ်ရောင်းရတာလည်း သိမ်ငယ်တယ်လို့ မခံစားရဘူး။ ဒါပေမဲ့ ဖေဖေ့ရဲ့ မိတ်ဆွေ ဦးနေဦးက ကျွန်မကို သူ့ဂျာနယ်မှာ စာရေးပါ၊ ဂျာနယ်တော့ မရောင်းပါနဲ့ ဆိုပြီး သတင်းဆောင်းပါး ရေးဖို့ တိုက်တွန်းပါတယ်။အမေ့ကို ၀မ်းသာအားရ ပြောပြရင်း အမေ့ရဲ့ သုတေသနလုပ်ထားတဲ့ စာတမ်းတွေက ကျွန်မအတွက် ကုန်ကြမ်းတွေ ဖြစ်လာပါတယ်။

 

ဆောင်းပါးကိုတော့ မေသင်္ကြန်ဟိန် ဆိုတဲ့ နာမည်ရင်းနဲ့ပဲ မြန်မာ့စီးပွားရေး ဂျာနယ်မှာ စရေးပါတယ်။ ပထမဆုံး ရေးခဲ့တဲ့ ဆောင်းပါးက လူမွဲတွေလည်း သူဋ္ဌေးဖြစ်မည့် ငါးေ၇ွှနီ ဆိုတဲ့ ဆောင်းပါးပါ။ အဓိက ကူညီ့ပံ့ပိုးသူကတော့ ကျွန်မရဲ့ မေမေပါဘဲ။

နောက်ပိုင်းမှာလည်း အမေက ကျွန်မကို အများကြီး စိတ်ရှည်စွာနဲ့ ကူညီပံ့ပိုးခဲ့ရတာပါ။ ကျွန်မတို့ သားအစ်မိကြားမှာလည်း မတူညီတဲ့ အမြင်နဲ့ သဘောထားတွေ ရှိပါတယ်။ ကျွန်မ ရေးချင်တဲ့ ပုံဆန်နဲ့ အမေ ရေးစေချင်တဲ့ ပုံဆန်က အမြဲတမ်း မတူညီတဲ့ အတွက် အမေနဲ့ ကျွန်မ စာရေးတိုင်း စကားများခဲ့ရတယ်။ နောက်ဆုံးတော့ အမေ့လည်း လျော့သမီးလည်း လျော့ရင်းနဲ့ ဆောင်းပါးတွေ ထွက်လာပါတော့တယ်။

တကယ်တော့ အဲဒီအချိန်တုန်းက ဆောင်းပါတစ်ပုဒ်ထွက်လာဖို့ တကယ်အားထုတ်ကြိုးစားခဲ့ရသူက ကျွန်မ မဟုတ်ပါဘူး မေမေပါ။

 

အဲဒီကာလတွေမှာ အမျိုးညီလာခံထဲရောက်နေတဲ့ ဖေဖေက အမျိုးသားညီလာခံအကြောင်း မိသားစုတွေကို ပြောပြပါတယ်။ တကယ်တော့ အမျိုးသားညီလာခံဆိုတာက အစိုးရလိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာအောင် ရေးစွဲဖို့အတွက် စီမံထားတဲ့ စီမံကိန်းတစ်ခုပါပဲ။

 

ညီလာခံရဲ့ အဖွဲ့ ၈မှ ၂ ဖွဲ့ကသာ နိုင်ငံရေးပါတီက ဖြစ်ပြီး ကျန်တဲ့ ၆ ဖွဲ့ကတော့အစိုးရက ရွေးချယ်ထားတဲ့သူတွေဖြစ်ပါတယ်။ လူပေါင်း ၇၀၀ ကျော်မှာ ၁၅၀ ကျော်ခန့်ကသာ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေဖြစ်ပြီး ကျန်တဲ့ ၅၅၀ ကျော်ခန့်ကတော့ တပ်မတော်အစိုးရရဲ့ ကိုယ်စားလှယ်တွေလို့ ဆိုနိုင်ပါတယ်။

 

အဲဒီအခြေအနေမှာ အန်အယ်ဒီနဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေဘက်နေက ဘယ်လိုပဲ ဆွေးနွေးတင်ပြပါစေ၊ အရာမထင်ပါဘူး။ မဲခွဲဆုံးဖြတ်တိုင်းလည်း ရှုံးပါတယ်။ အစိုးရရဲ့ကိုယ်စားလှယ်တွေရဲ့ အတည်ပြု ဆုံးဖြတ်ချက်နဲ့ပဲ စခန်းသွားနေတဲ့ အမျိုးသားညီလာခံပါ။

အဲဒီညီလာခံကို ဒီအတိုင်းဆက်သွားနေလို့ မဖြစ်ဘူးဆိုတာကို အန်အယ်ဒီက နားလည်လာတဲ့အတွက် ညီလာခံရဲ့ ရည်ရွယ်ချက်ကို ပိုမြင်လာပြီး ညှိုနှိုင်းရင်း ပြောင်းလဲဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရကတော့ ညီလာခံထဲကနေ အန်အယ်ဒီ ပါမလာအောင်ထုတ်ပစ်လိုက်ကြတာပါ။

အမှန်တကယ်တော့ အများထင်ကြသလို ဖေဖေတို့ အန်အယ်ဒီက တကယ်တော့ အမျိုးသားညီလာခံထဲကနေ ထွက်လာခဲ့တာ မဟုတ်ပါဘူး။အမျိုးသားညီလာခံလုပ်ငန်းကော်မတီနဲ့ တွေ့ဆုံညှိုနှိုင်း ချင်တယ်ဆိုပြီး အဆိုတင်ထားပြီး တွေ့ဆုံညှိုနှိုင်းဖို့ ညီလာခံအပြင်မှာ စောင့်ဆိုင်းနေချိန်မှာ ညီလာခံကနေ ထွက်တယ်ဆိုပြီးတော့ ထုတ်ပစ်လိုက်ကြတာပါ။

ဥပဒေအတိုင်းသာ ဆောင်ရွက်မယ်ဆိုရင်တော့ ညီလာခံကနေ ၇၂ နာရီ ခွင့်မတိုင်ဘဲ ပျက်ကွက်မှသာ ထုတ်ပယ်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့လည်း ဥပဒေကို မလေးစားတဲ့ လူတွေကတော့ ဥပဒေက ဘယ်လို ရှိရှိ သူတို့လုပ်ချင်တာကို လုပ်ကြတာပဲ မဟုတ်ပါလား။

ဖေဖေအပါအ၀င် အန်အယ်ဒီပါတီက ကိုယ်စားလှယ်တွေက ည်ီလာခံအပြင်ကနေ ညီလာခံကော်မတီနဲ့ ဆွေးနွေးဖို့ စောင့်နေစဉ် ၄၈ နာရီ ၀န်းကျင်မပြည့်မီမှာပဲ ညီလာခံကနေ ဖေဖေတို့ကို ထုတ်ပါယ်ခဲ့ကြတာလို့ သိရပါတယ်။

အစိုးရသတင်းစာတွေမှာတော့ အကျယ်ချုပ်ကြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံကနေ ထွက်ခိုင်းတဲ့အတွက် ထွက်ခဲ့ရတယ်ဆိုပြီး ရေးသားဝေဖန်ခဲ့ကြပါသေးတယ်။

Check Also

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။ ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ …