Thursday , June 20 2019
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၇)

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၇)

မေသင်္ကြန်ဟိန်(မြစ်မခ)

 

မနာလိုမှုကို အချစ်လို့ပြောလို့ရနိုင်ပါသလား၊ ကျွန်မကတော့ ဒါလည်း အချစ်တစ်မျိုးလို့ ယူဆမိသူပါ။ ချစ်မိတဲ့အတွက် နောက်ဆက်တွဲဖြစ်လာတဲ့ မနာလိုချစ်ကိုတော့ လူတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။

ကိုယ်က သူ့အပေါ်မှာ ချစ်စိတ်ရှိနေတဲ့အခါ ကိုယ်ရဲ့ ပြိုင်ဘက်မဟုတ်တဲ့ သူတွေကိုတောင် ပြိုင်ဘက်လို့ သဘောထားမိတာတွေ၊ ကိုယ်တစ်ယောက်တည်း ရန်လို၊ ကိုယ်တစ်ယောက်တည်း ခံစားပြီး ဒေါသထွက်နေတာတွေ စတဲ့ခံစားမှုတွေကတော့မနာလိုချစ်ကြောင့်လို့ ယူဆရမှာပါ။

ကျွန်မ အမြင်မှာတော့ မနာလိုချစ် (Jealous love)ဟာ မိခင်တစ်ဦးတည်းက မွေးဖွားပေးလိုက်တဲ့ မောင်နှမသားချင်း အချင်းချင်းမှာတောင် ကြုံတွေ့ရတာမို့ သူငယ်ချင်းချစ်၊ ရဲဘော်ရဲဘက်ချစ်၊ သမီးရည်းစားချစ်တို့ သမီးရည်းစားချစ်တို့မှာ ကြုံတွေ့ရတာကတော့ အံ့သြစရာမရှိတော့ပါဘူး။

အံ့သြစရာကောင်းတာကတော့ချစ်ရင်လည်း မနာလိုစိတ်ဖြစ်တတ်သလို၊ မုန်းရင်လည်းမနာလိုစိတ် ဖြစ်ကြတာကိုပါပဲ။အဲလို ချစ်လို့ ဖြစ်တဲ့ မနာလိုချစ်နဲ့ ၊ မုန်းလို့ ဖြစ်တဲ့ မနာလိုစိတ် ရှိတယ်ဆိုတာကိုလည်း ကျွန်မ သတိထားမိတာကတော့ ၁၉၉၂- ၉၃ ကာလတွေမှာလို့ ဆိုနိုင်ပါတယ်။

၁၉၉၂-၉၃ မှာ ကျွန်မ အနေနဲ့စိတ်တွေထွေပြားနေခဲ့ပေမဲ့ ဆယ်တန်းကိုတော့ နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဘာသာမှ ဂုဏ်ထူး မပါဘဲနဲ့ ဘာသာစုံ အောင်တယ်ဆိုရုံလေး အောင်မြင်ခဲ့တဲ့ အတွက် ကျွန်မကို ချစ်တဲ့ ဆွေမျိုးတွေကတော့ ပြစ်တင်ကြပါတယ်။စိတ်တွေ ထွေပြားနေလို့ ခုလိုဖြစ်တယ်လို့ ပြောကြတယ်။

ကျွန်မ ပြုံးရုံသာပြုံးနေခဲ့ရတယ်။ တကယ်တော့ ကျွန်မဟာလည်း ပုဂ္ဂလိက ခံစားမှုကိုတော့ မငြင်းပါယ်နိုင်ခဲ့ဘူး မဟုတ်လား။ သူနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ အချိန်မှာ ကျွန်မ ကဗျာလိုလို စာတိုတို လေးတွေ အများကြီးရေးဖြစ်ခဲ့ပါတယ်။

ပြီးရင် သူငယ်ချင်းတွေကိုလည်း ပြတော့ အဲဒီကဗျာတွေ စာတိုကို ဖတ်ခဲ့ရတဲ့ သူငယ်ချင်းတွေက ကျွန်မရဲ့ စာတွေကို သိပ်ကောင်းတာပဲ လို့ ပြောကြတိုင်း ကျွန်မ ပီတိဖြစ်ရပါတယ် ကျေနပ်မိတယ်။ နောက်တစ်ခါ ဒီထပ်ပိုကောင်းအောင် ကြိုးစားပြီး ရေးပါတယ်။

အဲဒီလိုနဲ့ကိုယ့်ရဲ့ ခံစားချက်ကို စာလုံးတွေနဲ့စာဖတ်မိတဲ့ သူတိုင်း နားလည်အောင် ကြိုးစားရေးခဲ့ပါတယ်။ဒီနေရာမှာ ၀န်ခံစရာရှိတာကတော့ ရည်းစားစာ မရေးတတ်တဲ့ သူငယ်ချင်းအချို့ကိုတောင် ရည်းစားစာ ရေးပေးခဲ့ဖူးပါတယ်။ ပြောရရင်တော့ အဲဒီအချိန်ကစပြီး စာရေးချင်တဲ့ စိတ်ဟာ အမြစ်တွယ်ခဲ့ရသလို၊ ရေးပြီးရင်လည်း သူများကို ပြန်လည် မျှဝေချင်တဲ့စိတ်ဖြစ်လာရတယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီကာလတွေတုန်းက သူကတော့ နောင်ချိုမြို့ကို ရောက်လာတဲ့ လကုန်ရက်တွေမှာ ကျွန်မကို မြင်သာတဲ့ နေရာကနေ ကျွန်မကျောင်းသွားချိန်မှာ စောင့်ကြည့်ရုံကနေ ရှေ့မတိုးခဲ့ပါဘူး။ ညဘက် သီချင်းသံလည်း မကြားရတော့ဘူး၊ သူ့ရဲ့ ကဗျာတွေ စာတွေလည်း မဖတ်ရတော့ပါဘူး။ ကျွန်မတို့ နှစ်ယောက်စလုံး ကတိကို စောင့်ထိန်းခဲ့ကြပါတယ်။

ဆယ်တန်းဖြေပြီးပြီးချင်းနေ့မှာပဲ မေမေက ကျွန်မကို မန္တလေးက အဖိုးအဖွားတွေအိမ်ကို ပို့လိုက်ပါတယ်။ မန်းလေးမှာ နေပြီး ဆယ်တန်းဖြေပြီးတဲ့ သူတိုင်းလုပ်လေ့ရှိတဲ့ ကွန်ပျူတာ သင်တန်းတက်တာတွေ အင်္ဂလိပ်စာ သင်တန်းတက်တာတွေလည်း လုပ်ရတယ်။ မှတ်မှတ်ရရ မန်းလေးYMCA က လုပ်တဲ့ ကွန်ပျူတာ သင်တန်းကို တက်ဖြစ်ခဲ့တာပါ။ အဲဒီမှာလည်း သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ သိကျွမ်းခဲ့ရတဲ့ သူတွေ ရှိပါတယ်။ စိတ်ထဲမှာ မှတ်မှတ်ထင်ထင်နဲ့ ခင်မင်ခဲ့ရသူတွေလည်း ရှိတာပဲ။

အဲဒီသူတွေအကြောင်းကို သူနဲ့ ကျွန်မပြန်လည် ဆက်သွယ်မိချိန်မှာ စာထဲထည့်ရေးခဲ့ပါတယ်။ တကယ်တော့ သူက သူနဲ့ အဆက်အသွယ်ပြတ်နေချိန် မန္တလေးမှာ ဘာတွေလုပ်နေလဲ၊ သင်တန်းတွေတက်တယ်လို့ကြားတယ်၊ ဘာသင်တန်းလဲ … ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲလို့ မေးခဲ့တာကိုး။

တစ်ခါတစ်ရံမှာ ကျွန်မရဲ့ ပွင့်လင်း လွတ်လပ်မှုက ကျွန်မကို ထိခိုက်စေခဲ့တယ် ဆိုတာ အဲဒီကတည်းက သိဖို့ ကောင်းခဲ့တာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကျွန်မဟာ ခပ်တုံးတုံးပါ။ ကျွန်မက ခင်မင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်နဲ့ သင်တန်းက ဆရာလေးတစ်ယောက်အကြောင်း သူ့ကို ပြောပြခဲ့တယ်။

အဲဒီစာပို့ပြီးကတည်းက သူ့ဆီက စာတွေ လုံးဝ မလာတော့ပြန်ဘူး။ နေမကောင်းလို့လား…။ ဘာဖြစ်လို့ စာမရေးပါလိမ့်လို့ စဉ်းစားနေခဲ့ရတဲ့ ရက်တွေက အကြာကြီးပါ။ တကယ်တော့ သူ မနာလိုဖြစ်ခဲ့တာပါ။

မနာလိုမိလို့ရတဲ့ သောကပဲဖြစ်ဖြစ် ၊ ကိုယ့်ကို မကြင်နာလို့ ခံစားရတဲ့ သောကပဲဖြစ်ဖြစ်၊ ပူလောင်မှု သောကနဲ့ ဖြစ်တည်လာတဲ့ အချစ်(Anguish love)ဟာ တော်တော်လေး ဖိစီးလေးလံလှပါတယ်လေ။

မနာလိုလို ဖြစ်လာတဲ့ ဒေါသစိတ်နဲ့ ပူလောင်မှုကို ကျွန်မမခံစားရဘူးပေမဲ့ ရှိတယ်ဆိုတာကို သိလိုက်တဲ့ နောက်မှာတော့ အမုန်းတရားကြောင့်ရော မနာလိုမှု ဖြစ်စေနိုင်သလားဆိုတာကို စဉ်းစားကြည့်လာခဲ့ပါတယ်။

အဲဒီကာလကတော့ ၁၉၉၂-၉၉၃ ကာလမှာပါပဲ။ ကျွန်မ ဆယ်တန်းအောင်ပြီး မန်းလေးပို့ထားခဲ့ပေမဲ့ ဖေဖေက အမျိုးသားညီလာခံတက်ရမယ်ဆိုပြီးအန်အယ်ဒီပါတီက ရွေးချယ်လိုက်တဲ့ အချိန်မှာ နောင်ချိုအိမ်ကို ကျွန်မ ပြန်လာခဲ့ရပါတယ်။အဲဒီအချိန်မှာတော့ ကျွန်မဟာ ဆယ်တန်းအောင်သွားပြီ ဖြစ်တဲ့ အတွက် သူနဲ့ပြန်ပြီး စာအဆက်အသွယ် လုပ်ဖြစ်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဖေဖေ့ဆီကနေ ကြားရတဲ့ နိုင်ငံရေးအခြေအနေနဲ့သတင်းတွေက ကျွန်မကို နိုင်ငံရေးကို ပြန်လည် အာရုံစိုက်မိစေခဲ့ပါတယ်။

အန်အယ်ဒီပါတီရဲ့ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှု့ခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်ခေါ်ပေးဖို့နဲ့ ပျက်ကွက်ခဲ့တဲ့ တပ်မတော်အစိုးရကို နိုင်ငံတကာက ဖိအားပေးခဲ့တာလည်း တွေ့ရပါတယ်။

အဲဒီမှာ တပ်မတော်အစိုးရက ၉၀ေ၇ွးကောက်ပွဲကျင်းပခဲ့တာက လွှတ်တော်ခေါ်ဖို့ မဟုတ်ဘူး၊ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ သူတွေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ဖြစ်တယ်ဆိုပြီး အမျိုးသားညီလာခံခေါ်ယူဖို့ အမျိုးသားညီလာခံဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းတဲ့အကြောင်း ကြားသိခဲ့ရပါတယ်။

အဲဒီကော်မတီကို တရားရေးက ဦးအောင်တိုးက ဦးဆောင်တဲ့ အကြောင်း တွေ ကြားလာရပါတယ်။ တရားသူကြီးချုပ်လည်းဖြစ်တဲ့ ဦးအောင်တိုးဟာ တရားရေးဘက်က ဖြစ်တဲ့ အတွက် ဥပဒေနဲ့ အညီဆောင်ရွက်မှာပဲလို့လည်း ကျွန်မက ရိုးရိုးသားသား ယုံကြည်မိခဲ့ပြန်ပါတယ်။

ကျွန်မ ဖိုးဖိုး ဦးသိန်းဖေက အင်မတန်ကို သမာသမတ်ကျခဲ့တဲ့ တရားသူကြီးတစ်ဦးပါ။ သူက ဥပဒေကို လေးစားသလို၊ တရားမျှတမှုနဲ့ အမှန်တရားဆိုတာကိုလည်း အင်မတန် အလေးထားခဲ့တဲ့အတွက် တရားသူကြီးတိုင်းဟာ ကျွန်မရဲ့ အဖိုးလိုပဲ အမှန်တရားကို မြတ်နိုးစိတ် ရှိလိမ့်မယ်လို့ ကျွန်မ ယူဆခဲ့ဖူးပါတယ်။

အမျိုးသားညီလာခံနဲ့ပတ်သက်ပြီးကျွန်မမှတ်မိသလောက်ပြောရရင်တော့ နိုင်ငံရေးပါတီကိုယ်စားလှယ်များအဖွဲ့၊ ရွေးချယ်ခံရသောလွှတ်တော်များအဖွဲ့၊ပြီးတော့ တောင်သူလယ်သမားများအစုအဖွဲ့နဲ့ အလုပ်သမားများအစုအဖွဲ့၊ ဒါ့အပြင် တိုင်းရင်းသားများအစုအဖွဲ့၊ တတ်သိပညာရှင်များအစုအဖွဲ့တွင်မကပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့နဲ့ဖိတ်ကြားထားသူများအဖွဲ့ဆိုပြီး ၈ ဖွဲ့ခွဲလိုက်တယ်လို့ သိရပါတယ်။ညီလာခံကို စုစုပေါင်း လူ ၇၀၀ လောက်တက်ရပါတယ်။

အဲဒီထဲမှာ နိုင်ငံရေးပါတီက ကိုယ်စားလှယ်ကတော့ ၂၀၀ ၀န်းကျင်လောက်ရှိပြီး အန်အယ်ဒီပါတီကကိုယ်စားလှယ်ကတော့ ခွဲတမ်းအရ ၁၀၀ လောက်တက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ဖေဖေက အန်အယ်ဒီပါတီကေ၇ွးချယ်ပေးလိုက်တဲ့ေ၇ွးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ရတာပါ။

ဖေဖေ ညီလာခံတက်နေချိန်မှာ ကျွန်မက မောင်လေးညီမလေးကို ထိန်းသိမ်းရင်း နောင်ချိုမှာနေခဲ့ရပါတယ်။ ဖေဖေက သမီးကြီး လိမ္မာပါ ဆိုတဲ့ စကားကို ကျွန်မ အမြဲဂရုစိုက်ခဲ့ပါတယ်။ မိဘတွေ မရှိလည်းဘဲ မိဘစကားကို နားထောင်တဲ့ အလေ့အကျင့် ရှိခဲ့ပါတယ်။

တစ်ဖက်ကလည်း မိဘကို စိတ်အနှောက်အယှက်မပေးမိအောင် ဂရုစိုက်နေထိုင်ရင်း ကျွန်မရဲ့ ပုဂ္ဂိလက ခံစားချက်ကိုလည်း လျစ်လျူမရှုနိုင်ခဲ့ဘဲနဲ့ သူနဲ့ကျွန်မ အရင်ကလိုပဲ စာပေးစာယူစနစ်နဲ့ပဲ ပြန်လည် ဆက်သွယ်မိခဲ့ပါတယ်။
အဲဒီအချိန်တုန်းက နိုင်ငံရေးမှာ အစိုးရဘက်က မီဒီယာကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုလာချိန်လည်း ဖြစ်ပါတယ်။

အစိုးရသတင်းစာတွေ ဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံတို့မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဆောင်းပါးတွေ ရေးကြတာလည်း တွေ့ရ ဖတ်ရပါတယ်။
ဆောင်းပါးတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထောင်ရေးကိစ္စတွေ အပြင် နိုင်ငံရေးနဲ့ မဆိုင်သော လူမှုရေးကိစ္စတွေကို ဇောင်းပေးပြီး ရေးသားတာဖတ်ရတော့ စိတ်ပျက်မိတယ်။

ရပ်ကွက်ထဲက ခပ်သိမ်သိမ် အတင်းအဖျင်းပြောတတ်တဲ့ သူတွေရဲ့ အရေးအသားမျိုးကို နိုင်ငံတော် သတင်းစာမှာ ရေးသားပါလား ဆိုတာတွေ့ရတော့ ရှက်စရာပဲလို့လည်း ယူဆခဲ့တယ်။

အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဆုတွေ ချီးမြှင့်နေချိန်၊ နိုဗယ်ငြိမ်းချမ်းရေး ဆု ရရှိချိန်လို့လည်း ဆိုပါသေးတယ်။ ဒါကို တုန့်ပြန်တဲ့ အနေနဲ့ အစိုးရက ခုလို လုပ်တာလို့ သိရတော့ အံ့သြပြီး စိတ်ပျက်မိခဲ့တယ်။

ပြီးတော့ အဲဒီမှာ ကျွန်မစိတ်ထဲမှာ မုန်းတဲ့ စိတ်ကလည်း မနာလိုစိတ်ကို ဖြစ်စေတယ်ဆိုတာ သိလာရတော့တာပါပဲ။

ထပ်ပြီး သတိပြုမိတာက မနာလိုစိတ်ရဲ့ လားရာဟာ အမှားဘက်ကို ရောက်စေတယ်။ ဒေါသစိတ်၊ မနာလိုစိတ်က ကောင်းဖို့ထက် ဆိုးဖို့က ပိုများတဲ့အပြင် ဘေးကနေ ကိုယ့်အမှားကို ကျူးလွန်မိစေမ့ တိုက်တွန်းသူတွေ ရှိနေရင်တော့ ပိုပြီးတော့ ဆိုးရွားသွားတတ်ပါတယ်။ မနာလိုစိတ်နဲ့ ကျူးလွန်တတ်တဲ့ အမှားတွေက သမိုင်းမှာ အစွန်းအထင်းတွေ ဖြစ်စေတော့တာပဲ ဆိုတာကိုပါ။

ချစ်တဲ့ စိတ်ကြောင့် ဖြစ်ရတဲ့ မနာလိုမှုပဲဖြစ်ဖြစ် မုန်းတဲ့ စိတ်ကြောင့် ဖြစ်ရတဲ့ မနာလိုမှုပဲဖြစ်ဖြစ် သောကပါပြီး အစွမ်းထက်တယ်ဆိုတာကိုတော့ နားလည်လာရတာပါပဲ။

Check Also

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။ ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ …