Wednesday , May 29 2019
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၆)

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၆)

မေသင်္ကြန်ဟိန်(မြစ်မခ)
၁၉၉၁-၉၂ ကာလတွေကတော့ ကျွန်မနှလုံးသားထဲမှာရော ဦးနှောက်ထဲမှာပါ အမြန်ရထားတစ်စင်းမောင်းနှင်နေတဲ့ကာလတွေလို့ ဆိုရမှာပါပဲ။ အရာရာဟာ တည်ငြိမ်အေးချမ်းမှု မရရှိနိုင်ခဲ့ဘူး။

သူ့ဆီက ပထမဆုံးရရှိလိုက်တဲ့ စာအိပ်ပန်းရောင်လေးထဲက စာရွက်ဖြူဖြူလေးကို အိမ်ရောက်တဲ့ အချိန်ထိ စောင့်ဖတ်ဖို့ ထက်၊ တစ်ယောက်တည်း သီးသန့်ရှိတဲ့ တစ်နေရာသွားဖတ်ဖို့ ကျွန်မစဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။

တကယ်တော့ အဲဒီစာရွက်လေးထဲမှာ သူ့ရဲ့ မှင်အနက်နဲ့ ရေးထားတဲ့ လက်ရေးစောင်းစောင်းလေးတွေကို ကျွန်မ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်မ ထင်မှတ်ထားခဲ့သလို၊ တွေ့ဖူးမြင်ဖူးနေကြ ရည်းစားစာတစ်စောင်လည်းမဟုတ်ခဲ့ဘူး။

ကဗျာလေးတစ်ပုဒ်ပါ။ အဲဒီကဗျာလေးတစ်ပုဒ်ကို တစ်လလုံး ကျွန်မ ဖတ်လာခဲ့တယ်။ လကုန်တဲ့အခါမှာ နောက်ထပ် ဗလာစာအုပ်လေးတစ်အုပ် ထပ်ရပါတယ်။ အဲဒီဗလာစာအုပ်ထဲမှာတော့ ကဗျာတွေလည်းပါတယ် စာတွေလည်းပါပါတယ်။

စာတွေထဲမှာတော့ သူတို့တာဝန်ကျတဲ့ ရွာကလေးကို ကျွန်မ မြင်နေရတယ်။ပြီးတော့ သူ့ရဲ့ အမိုးအကာမလုံခြုံတဲ့ စာသင်ကျောင်းလေးနဲ့ လယ်ထဲဆင်းပြီးမှ စာလာသင်ကြတဲ့ တပည့်လေးတွေကိုလည်း တွေ့မြင်ရတယ်။ ပြီးတော့ အဲဒီကျောင်းလေးမှာ စာသင်ပြီးချိန် သူ့ရဲ့ အချိန်တွေကို ကျွန်မ ဘယ်လိုပိုင်ဆိုင်ခဲ့နိုင်သလဲ ဆိုတာကိုလည်း သိလာရတယ်။

ကျွန်မအနေနဲ့လည်း ညမှာစာကျက်ပြီး အိပ်ရာမ၀င်ခင် တစ်နေ့လုံးမြင်တွေ့ကြားသိခဲ့ရတာတွေကို ပြန်ပြီး ရီပို့ လုပ်ရမဲ့ သူတစ်ယောက် ရလာခဲ့တာပေါ့။ အဲဒီလို စာတွေ အပြန်အလှန်ရေးကြရင်း တစ်လပြီးတစ်လ အချိန်တွေဟာ ဘယ်သူ့ကိုမှ မစောင့်ဘဲနဲ့ တဖြုတ်ဖြုတ်ကြွေနေတယ်။

အဲဒီလိုနဲ့ ကျွန်မရေးတဲ့ စာတွေထဲမှာ နိုင်ငံရေးအခြေအနေတွေလည်း ပါကုန်ခဲ့တယ်။
ကျွန်မရဲ့ ဦးနှောက်ထဲမှာ ကျောင်းစာအပြင် နိုင်ငံရေးတွေလည်း ရှိနေတယ်လို့ သူက ဝေဖန်သုံးသပ်ခဲ့သေးတယ်။

တကယ်လည်း အဲဒီအချိန်က နိုင်ငံရေးမုန်တိုင်းတွေ ပြင်းထန်နေချိန်လို့ ပြောလို့ရနိုင်တဲ့ အနေအထားလည်းဖြစ်တယ်။

ဖေဖေတို့ရဲ့ အန်အယ်ဒီပါတီအနေနဲ့လည်း ယုံကြည်ချက်အတွက်နဲ့ ဘ၀တွေကို မြှုပ်နှံထားရင်း အစိုးရရဲ့ တရပ်စပ်တိုက်ခိုက်မှုတွေကြားမှာ အန်အယ်ဒီပါတီဝင်တွေ အလူးအလဲခံနေရတဲ့ အချိန်လို့လည်း ပြောနိုင်ပါတယ်။

အန်အယ်ဒီပါတီရဲ့ အကိုင်းအခက်တွေလိုဖြစ်နေတဲ့ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးကြည်မောင်ကို ဖြိုချပြီးတဲ့နောက်မှာ ပါတီရဲ့ဥက္ကဋ္ဌက ဦးအောင်ရွှေဖြစ်လာခဲ့တယ်။ တပ်ပျက်မှာ ဗိုလ်လုပ်ရသလိုပဲ ဘဘဦးအောင်ရွှေက အကိုင်းတွေ အခက်တွေ မရှိတော့တဲ့ ငုံးတိတိသာ ကျန်ရစ်တော့တဲ့ အချိန်။ အဲဒီလိုအချိန်မှာ ကျန်တဲ့သူတွေနဲ့ ပါတီကြီး ပျောက်မသွားအောင် ဆောင်ရွက်နေချိန်ကာလတွေလို့လည်း ဆိုနိုင်မယ် ထင်ပါရဲ့။

တကယ်တော့ အန်အယ်ဒီပါတီရဲ့ ဦးဆောင်သူတွေဖြစ်နေတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးလိုက်ရုံနဲ့ အန်အယ်ဒီပါတီကြီးပြိုကွဲသွားလိမ့်မယ်လို့ ထင်ပြီး ဖမ်းဆီးခဲ့ကြတယ် ထင်ပါရဲ့။ နောက်တော့ အန်အယ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည် မပါလည်းရွေးကောက်ပွဲဝင်ပြီး အနိုင်ရခဲ့တော့ နောက်တစ်ဆင့်အနေနဲ့ ဦးကြည်မောင် အပါအ၀င် နာမည်ရှိနေတဲ့ နိုင်ငံရေးသမားအဖွဲ့ဝင်နဲ့ ကိုယ်စားလှယ်တွေကို ဖမ်းဆီးပစ်လိုက်တယ်။ ဒါပေမဲ့ အန်အယ်ဒီပါတီက သစ်ငုတ်တိုပဲ ကျန်ပါစေ အကိုင်းအခက်တွေထွက်ပြီး ရှင်သန်စေနိုင်တယ်ဆိုတာကို အဲဒီကတည်းက ပြနိုင်ခဲ့တာပါပဲ။

ဦးအောင်ရွှေကိုလည်း အစိုးရက နောက်တစ်ဆင့်ထပ်ပြီး ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါကတော့ အန်အယ်ဒီပါတီထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်လိုက်ဖို့ပါပဲ။ ဦးအောင်ရွှေအနေနဲ့ရော လက်ရှိ စီအီးစီတွေအနေနဲ့ရော ပါတီကို ရွေးရမလား၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးရမလား ဆိုတဲ့ ဆုံးဖြတ်ရခက်ခဲလှတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့ရပါတယ်။

ဦးအောင်ရွှေအပါအ၀င် အန်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ထုတ်ပစ်ကြောင်း ကြေညာခဲ့တယ်။
အဲဒီအချိန်မှာ ဦးအောင်ရွှေက ပါတီပြုတ်မသွားအောင် ကျားကန်ခဲ့တယ်ဆိုတာကို ခုချိန်ကြမှ နိုင်ငံရေးသမားတွေက သဘောပေါက်ခဲ့တယ်လို့ ကြားရပါတယ်။ အဲဒီတုန်းကတော့ ဦးအောင်ရွှေကို မကြိုက်တဲ့အတွက်အန်အယ်ဒီကို မ၀င်တော့တဲ့ သူတွေလား၊ ဖမ်းဆီးခံရမှာကိုကြောက်လို့ မ၀င်တော့တာလား ဘာကြောင့်မှန်းမသိပေမဲ့ မ၀င်မထွက်တော့တဲ့ သူတွေလည်း ရှိတယ်လို့ ကြားခဲ့ရပါသေးတယ်။

နိုင်ငံရေးကလည်း ရှေ့မဆက်နိုင်အောင်ပိတ်ဆို့ထားချိန်တွေမှာ ကျွန်ဖေဖေအပါအ၀င် အန်အယ်ဒီပါတီဝင်တွေအနေနဲ့ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖို့လည်း အခက်အခဲ ရှိလာတဲ့ အခြေအနေပါ။ ဖေဖေကတော့ မိသားစု စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် ရည်၇ွယ်ပြီး ခြံထဲမှာ မျှစ်ချည်ပွဲရုံလေး လုပ်ခဲ့ပါသေးတယ်။ ဖေဖေဦးစီးပြီးဆောင်ရွက်တဲ့ မျှစ်ချည်ပွဲရုံလေးက စီးပွားရေးအရမအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း နိုင်ငံရေးမှာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာဖို့ အခြေအနေတွေ ပေးလာတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာ ကျွန်မဆီမှာ ရှိနေတဲ့သူ့ရဲ့ စာတွေအကြောင်းကို မေမေက တွေ့သွားခဲ့တယ်။ အဲဒီအချိန်တုန်းက အဲဒီနေ့ကတော့ ကျွန်မ စိတ်အထိခိုက်ရဆုံး နေ့တစ်နေ့လို့တောင် ဆိုနိုင်ခဲ့ပါတယ်။ တကယ်ပဲ သောကနဲ့ ယှဉ်နဲ့ ပူလောင်ချစ်ခြင်းဆိုတာ ဒီလိုပါလားလို့လည်း စတင်တွေ့ထိရတဲ့ နေ့တစ်နေ့ပါပဲ။

မေမေက မိထ္ထီလာကောလိပ်မှာ လထောက်ကထိကအနေနဲ့ တာဝန်ထမ်းဆောင်နေချိန်ပါ၊
အမေက မိထ္ထီလာကနေ တစ်လတစ်ကြိမ် အိမ်ပြန်လာနိုင်အောင်မနည်း ကြိုးစားနေထိုင်ရပါတယ်။ အိမ်ပြန်လာရင်လည်း အမေက ခင်ပွန်းသည်အတွက်နဲ့သားသမီးတိုင်းအတွက် လက်ဆောင်တစ်ခုမဟုတ်တစ်အခု အမြဲဝယ်လာလေ့ရှိပါတယ်။ လက်ဆောင်ရတာထက် အမေက ကျွန်မတို့အတွက် မမေ့ဘူး ဆိုတဲ့ အသိစိတ်က အမေ့ကိုပိုပြီး တွယ်တာစေခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ အမေ့အနေနဲ့ ဖေဖေက နိုင်ငံရေးသမားဖြစ်တဲ့အတွက် ၀န်းထမ်းလောကမှာလည်း အဆင်မပြေမှုတွေ ရှိနေတယ်၊ ယောင်္ကျားဖြစ်သူက နိုင်ငံရေးလုပ်တဲ့ အတွက် ဇနီးသည်က ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံရတယ်ဆိုတာကိုလည်း အဲဒီအချိန်ကတည်းက ကြားသိနေရတဲ့ အတွက် အမေ့အတွက် စိတ်မကောင်းဘူး။ အမေကတော့ သူချစ်တဲ့ ခင်ပွန်းကို အပြစ်မတင်ပါဘူး။ လောကဓံပဲလို့ နှလုံးသွင်းပြီး ခါးစည်းခံပါတယ်။

အမေ နောင်ချိုအိမ်ကို ပြန်လာချိန်ဆိုရင်တော့ ကျွန်မတို့မိသားစုဝင်တွေအားလုံး ဒုက္ခတွေ အဆင်မပြေမှုတွေကိုမေ့ပြီးဆင်းရဲပေမဲ့ ပျော်ကြပါတယ်။ အမေနဲ့ ဝေးနေတဲ့ ကလေးတိုင်းမှာ ခံစားရတဲ့ ၀မ်းနည်းမှုနဲ့ အားငယ်မှုတွေက ကျွန်မတို့ဆီမှာအမြဲရှိနေခဲ့ရတဲ့ အတွက် အဲလိုအချိန်ဆိုရင်တော့ အိမ်မှာအမေရှိတယ်ဆိုပြီး လမ်းလျှောက်တာတောင်မှ မြောက်ကြွမြောက်ကြွနဲ့ပေါ့။

ပြီးတော့ အမေ့ကို အိမ်မှာ အမြဲရှိစေချင်တဲ့ စိတ် အိမ်မှာ နေတဲ့အချိန်ဆို အမေ စိတ်ချမ်းသာစေချင်တဲ့ စိတ်နဲ့ အားလုံးက အမေစိတ်ချမ်းသာအောင် လိုက်လျောပြီး အမေသဘောကြနေထိုင်ကြပါတယ်။ ပြီးတော့ အမေပြန်မဲ့ နေ့ဆိုရင် အမေ ဘယ်တော့ပြန်လာမှာလဲ ဆိုတဲ့ ရက်ကို ထပ်ပြီး စောင့်ကြပြန်ရော…။ အဲဒီလို ခံစားချက်တွေကိုယ်စီနဲ့ မိသားစု ဆုံတဲ့ နေ့တွေကိုပဲ ကျွန်မတို့ မျှော်ရင်း နေထိုင်ခဲ့ကြရတာပါ။

အဲဒီနေ့ ကျွန်မ ကျောင်းက ပြန်ချိန်မှာ မေမေက ကျွန်မရဲ့ အ၀တ်သတ္တာထဲမှာ သိမ်းထားတဲ့ သူ့ရဲ့ စာတွေကို တွေ့သွားခဲ့ပြီ ဆိုတာကို အမေ့မျက်နှာမြင်ရုံနဲ့ ကျွန်မ သိလိုက်ပါပြီ။ ထိတ်ခနဲစိုးရိမ်သွားခဲ့တယ်။

အမေကလည်း ကျွန်မနဲ့ အေးအေးဆေးဆေးတွေ့ပြီး သူ့အကြောင်း မေးပါတယ်။ သေသေချာချာကို အသေးစိတ်မေးတာပါ၊
ပြီးတော့ မေမေက မျက်ရည်ကျပါတယ်။

အဝေးမှာ နေနေရတဲ့ အမေက ရည်းစားရှိနေတဲ့သမီးကို ဘယ်လိုလို့ စိတ်ချနိုင်မလဲ၊ အမေရင်ပူတယ်…ဆိုတဲ့ စကားတစ်ခွန်းက ကျွန်မရင်ထဲကို တော်တော်လေး ထိခိုက်စေခဲ့တယ်။

ပြီးတော့ အဲဒီအချိန်တုန်းက ဖေဖေက နိုင်ငံရေးအကြပ်အတည်းတွေ စီးပွားရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်၊ ကျွန်မက သမီးကြီးအနေနဲ့ မောင်လေးနဲ့ ညီမလေးကိုစောင့်ရှောက်နေထိုင်နေရသလို၊ ဆယ်တန်းမို့ ကျောင်းစာနဲ့ အတူတူ ကိုယ့်ကိုယ်ကိုလည်း စောင့်ရှောက်နေထိုင်ရချိန်မှာ ဒီလို ရည်းစားထားမိတာ အပြစ်ပဲလို့ ကိုယ့်ကိုယ်ကို ခံစားလာရပါတယ်။

တကယ်တော့ ကျွန်မတို့ရဲ့ သမီးရည်းစားဘ၀ ဆိုတာ စာခြင်းအပြန်အလှန်ရေးရုံ၊ တစ်လမှာ တစ်ခါလောက် သီချင်းလာဆိုတာက လွဲလို့ အခြားဆက်သွယ်မှုမျိုးလည်း လုံးဝ မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ မေမေက ကျွန်မအတွက် စိတ်ပူမယ်ဆိုတာကိုလည်း ကျွန်မက ဥပက္ခာပြုပြီး စိတ်အလိုမလိုက်ချင်ပါဘူး။

အဲဒါနဲ့ ဆယ်တန်းမအောင်မချင်း သူ့ကို အဆက်အသွယ်ဖြတ်ပါမယ်၊ သူ့ကိုလည်း မေမေကိုယ်တိုင် သေချာရှင်းပြပေးမို့ နို့မို့ရင် ဘာကြောင့်မှန်းမသိဘဲ သမီးကို စိတ်နာသွားမှာစိုးရိမ်တယ်လို့ မေမေ့ကို တောင်းဆိုခဲ့ပါသေးတယ်။

အိမ်ရှေ့ခန်းမှာ မေမေသူ့နဲ့ စကားပြောနေချိန်မှာ မေမေတို့စကားပြောတာကိုမြင်နိုင်လောက်တဲ့ နေရာကနေ ကျွန်မစောင့်ပြီး နားထောင်နေခဲ့တယ်။ မေမေက ဖြေဖြေးအေးအေးပဲ သူ့ကို စကားတွေ ပြောနေတယ်။ သူ့မျက်နှာကတော့ မှုန်ရီမှိုင်းနေပြီ အသားဖြူတဲ့ သူ့မျက်နှာတွေ နီနေတယ်။ပြီးတစ်ချိန်လုံး ခေါင်းငုံ့ပြီး မေမေ ပြောသမျှသာ နားထောင်နေခဲ့တယ်။

နောက်တော့ မေမေက သူ့ရှေ့မှာပဲ ကျွန်မကို ခေါ်ပြီး ဆယ်တန်းမအောင်မချင်းအဆက်အသွယ် မလုပ်ပါဘူးဆိုတဲ့ ကတိက ကျွန်မတို့နှစ်ယောက်စလုံးက ဒီကတိကို ထိန်းမယ်ဆိုတာကိုလည်းစ စိတ်ချတဲ့အကြောင်း ပြောပါတယ်။ သူ့ဆီက ဘာသံမှ ထွက်မလာပေမဲ့ သူ့စိတ်ထဲ ဘယ်လို နေမလဲ ဆိုတာ ကျွန်မသိပါတယ်။

အဲဒီနေ့က သူကျွန်မတို့အိမ်ကနေ ပြန်မထွက်ခင်မှာ ကျွန်မ နှုတ်ဆက်ချင်မိတယ်။ ဒါပေမဲ့ အံ့ကြိတ်ပြီး တင်းတင်းစေ့ထားတဲ့ သူ့နှုတ်ခမ်းတွေကို ငေးရင်း ကျွန်မဆီကနေ ဘာသံမှ ထွက်မလာနိုင်တော့ပါဘူး။

Check Also

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။ ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ …