Wednesday , May 29 2019
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့သူတွေအကြောင်းပြောရအောင်(၅)

ချစ်တဲ့သူတွေအကြောင်းပြောရအောင်(၅)

မေသင်္ကြန်ဟိန်(မြစ်မခ)

 

ပူလောင်တဲ့ သောကအချစ် (Anguish love) ဆိုတာကို ကြားဖူးပါသလား၊ ခံစားဖူးပါသလား ။ ချစ်ဖူးတဲ့ သူတိုင်း ကြုံတွေ့ရမဲ့ အချစ်ရဲ့ ခံစားချက်တစ်မျိုးလို့ နားလည်ထားပါတယ်။ အဲဒီလို ပူလောင်လှတဲ့ သောကချစ်မျိုးကိုတော့ ၁၉၉၀ ရွေးကောက်ပွဲ အလွန်ကာလတွေမှာ ကျွန်မ တွေ့ ကြုံရတော့တာပါပဲ။

၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီတုန်းကလည်း နိုင်ငံရေးမှာ အလှုပ်အခတ်ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ ၁၉၈၉ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးလိုက်တဲ့အတွက် ၉၀ေ၇ွးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခဲ့နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ အန်အယ်ဒီပါတီအနေနဲက ရွေးကောက်ပွဲ ၀င်ဖို့ မ၀င်ဖို့ ကိစ္စအရေးမှာလည်း ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါသေးတယ်။

အချို့က ဒေါ်စု မပါဘဲနဲ့ေ၇ွးကောက်ပွဲ မ၀င်သင့်ဘူးလို့ ယူဆခဲ့ကြပြီးတော့ အချို့ကတော့ေ၇ွးကောက်ပွဲ ၀င်မယ် ရွေးကောက်ပွဲ အနိုင်ရတဲ့ အခါ အစိုးရဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ လွှတ်ပေးနိုင်မယ်လို့ လည်း ယူဆခဲ့ကြပါတယ်။

ဒီလို တပ်မတော်အစိုးရရဲ့ နိုင်ငံရေးအရ ဆောင်ရွက်ချက်နဲ့ တုန့်ပြန်မှု တွေဟာ နုနယ်သေးတဲ့ အန်အယ်ဒီပါတီကို သွားသွားပြီး ရိုက်ခတ်စေပါတယ်။ ပြောရရင်တော့ တပ်မတော်အစိုးရက ပါတီကိုထိခိုက်အောင် ဆောင်ရွက်တဲ့ နေရာမှာ သာနေတယ်လို့ ပြောဆို သုံးသပ်တာတွေလည်း ကြားခဲ့၇ပါတယ်။

အစိုးရရဲ့ တိုက်ခိုက်ထိုးနှက်မှုတွေကြောင့် ပါတီတွင်းမှာလည်း မကြာခဏ သဘောထားကွဲတာတွေ၊ ခွဲထွက်ကုန်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုဖြစ်အောင် သေချာ စီစဉ်ဆောင်ရွက်တာကို ဟိုတုန်းကတည်းက သတိထားပြီးစောင့်ကြည့်နေမယ်ဆိုရင် ဒီနေ့ထိ တွေ့မြင်နိုင်ပါတယ်။

သူတို့ရဲ့ ခြေလှမ်းတွေကို ဂရုတစိုက်နဲ့ သတိပြုမိကြရင် အစိုးရဲ့ တိုက်ခိုက်မှုကို အန်အယ်ဒီက ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို ကောင်းကောင်းကြီးသိနိုင်တဲ့ အနေအထားပဲ လို့လည်း သတင်းစာဆရာကြီးတွေက သုံးသပ်ပြောဆိုခဲ့ကြတယ်။

ဒီကြားထဲမှာ အစိုးရက ပြည်သူတွေကို အယုံသွင်းခဲ့တဲ့ ကိစ္စတစ်ခုလည်း ရှိခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း (၁၉၉၀ ) ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတုန်းကလည်း တပ်မတော်အစိုးရရဲ့ ဗိုလ်ချုပ်မှူးကြီး `ရွေးကောက်ပွဲပြီးတာနဲ့ ကျွန်တော်တို့ တပ်မတော်ရဲ့ တာဝန်ပြီးပြီ ရှေ့တန်းကို ပြန်မယ်` လို့ အစိုးရမီဒီယာတွေကနေ တစ်တိုင်းပြည်လုံးကို ပြောခဲ့ပါသေးတယ်။

အဲဒီစကားကို ရိုးသားစွာနဲ့ ယုံကြည်ခဲ့တဲ့ ပြည်သူတွေဘယ်လောက်များခဲ့သလဲတော့ မသိဘူး။ ကျွန်မသိရသလောက်တော့ နိုင်ငံရေးသုံးသပ်နိုင်တဲ့ သတင်းစာဆရာတွေနဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေကလွဲရင် အတော်များများကတော့ ယုံကြည်ခဲ့ကြပါတယ်။

အဲဒီလို တပ်မတော်ကို ယုံကြည်တဲ့ စိတ်နဲ့ တပ်မတော်ကို ချစ်တဲ့ စိတ်က ၁၉၈၈ မှ ထိခိုက်ခဲ့ပေမဲ့ ၁၉၉၀ ထိ ရှိနေခဲ့ပါသေးတယ်။

အဲဒီလိုနဲ့ ၁၉၉၀ ၊ မေလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တဲ့ ၄၉၂ နေရာမှာ အန်အယ်ဒီပါတီက ၃၉၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။ဒီလောက် နိုင်လိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ပေမဲ့ တကယ်နိုင်ခဲ့တဲ့ အတွက် ပြည်သူတွေက အရေးကြုံရင် တာဝန်ကျေတယ်ဆိုတဲ့ အသိကိုလည်း ရစေခဲ့ပါတယ်။

အန်အယ်ဒီပါတီနိုင်ဖို့ မဲထွက်ပေးကြတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေနဲ့ မဲရေတွက်ပြီး အနိုင်ရကြောင်း ကြေညာချိန်မှာ တွေ့လိုက်ရတဲ့ ၀မ်းသာကျေနပ်တဲ့ အပြုံးတွေနဲ့ မျှော်လင့်ချက်တွေ ဒါတွေကို ကျွန်မ ရင်ထဲမှာရော ဦးနှောက်ထဲမှာပါ မေ့မရနိုင်အောင် စွဲနေခဲ့တယ်။

အဲဒီညပျော်လွန်းလို့ ကောင်းကင်ကို မော့ကြည့်မိခဲ့သေးတယ်။ အဲဒီညမှာ လူတွေပျော်နေတာ ကြည့်ပြီး ကြယ်တွေလည်း မြိုင်မြိုင်တွန်ကြတာကိုလည်း မှတ်မိနေခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်တုန်းက ပြည်သူတွေရဲ့ အဲဒီ မျှော်လင့်ချက်တွေနဲ့ အနာဂတ်အတွက် အင်အားရှိလာတဲ့ ပီတိအပြုံး တွေကို ၁၉၉၀ နောက်ပိုင်း ပြန်မတွေ့ကြရတော့တာ ခုချိန်ထိပါပဲ။

တကယ်တော့ ပြည်သူတွေဟာ ရိုးစင်းကြသူတွေပါ၊ သူတို့ကို ယုံကြည်စေချင်တယ်ဆိုရင် အမှန်ကို ပြောပြီး ပြောတဲ့ အတိုင်းသာ လုပ်ပါ၊ ဒါဆို သူတို့ရဲ့ ယုံကြည်မှုကို သေဆုံးတဲ့ အချိန်ထိ ရရှိသွားမှာပဲ။အဲလို မဟုတ်ဘဲ သူတို့ကို ညာတယ်၊ လိမ်တယ်ဆိုရင်တော့ နောက်ဆုံး သေဆုံးချိန်ထိ သူတို့ရဲ့ ယုံကြည်မှုကို မရနိုင်ပါဘူး။

၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ပုံအောပြီး မဲထည့်ခဲ့ကြတဲ့ အန်အယ်ဒီပါတီကို လွှတ်တော်ခေါ်မပေးတာ၊ အာဏာလွှဲပြောင်းဖို့ မပါဘူးဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲတွေကို ဥပက္ခာပြုလိုက်တာက အနိုင်ကျင့်တာပဲလို့ ပြည်သူအများစုက ခံစားနားလည်ခဲ့ကြတာလည်း တွေ့ရပါတယ်။

တပ်မတော်က ရွေးကောက်ပွဲ ကျင်းပတာ အာဏာလွှဲပြောင်းပေးဖို့မဟုတ်ဘူး ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံရေးစွဲရမယ်ဆိုတုန်းက ပြည်သူတွေရဲ့ တောက်ခေါက်သံတွေနဲ့ သတင်းစာဆရာတွေရဲ့ ဝေဖန်သုံးသပ်သံတွေက လေဒီယိုတွေမှာ ပျံ့ဝဲကုန်ပါတော့တယ်။

အဲဒီအနိုင်ကျင့်မှုကို မြန်မာတစ်ပြည်လုံးက ဘယ်လောက်နာကျင်နေခဲ့ သလဲ ဆိုတာ ဒီနေ့ဒီအချိန်ထိ အဲဒီထဲက လူဆိုရင် ဘယ်သူ့ကိုမှ မယုံကြည်ရဲတော့တာ ၁၉၉၀ မှာ အနိုင်ကျင့်ခံရခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်လည်း ဖြစ်နိုင်ပါတယ်။

ပြည်သူတွေက သူတို့ကို ချစ်တဲ့ သူတွေ၊ သူတို့အတွက် အနစ်နာခံတဲ့ သူတွေ၊ သူတို့ ယုံကြည်တဲ့ သူတွေကို ချစ်တယ်။ သူတို့အတွက် မစဉ်းစားတဲ့ သူတွေ၊ သူတို့အပေါ်ကို အနိုင်ကျင့် ဖိနှိပ်တဲ့ သူတွေကို သူတို့မချစ်နိုင်ကြပါဘူး။

ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးရမှာ ဖြစ်ပေမဲ့ လွှတ်တော်ခေါ်ဖို့အတွက် တပ်မတော်အစိုးရက ပျက်ကွက်ခဲ့တဲ့အပေါ်မှာ အဲဒီအချိန်တုန်းက သြဇာရှိတဲ့ သတင်းစာဆရာတွေနဲ့အမာခံပြည်သူအချို့က အန်အယ်ဒီပါတီကို လွှတ်တော်ခေါ်ဖို့ တိုက်တွန်းခဲ့ကြပါသေးတယ်။

အန်အယ်ဒီပါတီအနေ အစည်းဝေးကြီးတစ်ရပ်ကျင်းပဖို့ စီစဉ်ပါတယ်။ဂန္ဒီဟောမှာ ကျင်းပမဲ့ အန်အယ်ီပါတီရဲ့ အစည်းဝေးကို တက်ဖို့ ဖေဖေလည်း ရန်ကုန်တက်သွားခဲ့ရပါတယ်။ ရန်ကုန်၊ ဂန္ဒီဟော မှာအစည်းဝေးကို နှစ်ရက် ကျင်းပကြပါတယ်။ ပြီးတော့ အန်အယ်ဒီပါတီရဲ့ ဂန္ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန်ခဲ့တဲ့ အတွက် အန်အယ်ဒီပါတီက ဦးကြည်မောင်အပါအ၀င် ပါတီဝင်အချို့ကို ဖမ်းဆီးအရေးယူခဲ့တာကိုလည်း ကျွန်မ မှတ်မိနေခဲ့တယ်။

ပြီးတော့ တဆက်တည်းမှာပဲ မန္တလေးမှာ ညီလာခံလုပ်မယ်ဆိုတဲ့ အသံတွေ ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဖေဖေမှာ နိုင်ငံရေးလောကထဲက အသိအကျွမ်းသိပ်မရှိသေးတဲ့ အတွက် မန်းလေး ညီလာခံကို တက်ရောက်ဖို့ ဘယ်သူမှ မဖိတ်ခဲ့ဘူးလို့ သိရပါတယ်။ အဲဒီညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချပစ်လိုက်တယ်ဆိုတာကိုတော့ လေဒီယိုတွေကနေ သိရတာပါ။

လေလှိုင်းထဲမှာတော့ လူတွေရဲ့ မကျေနပ်မှုတွေ နဲ့ တိုက်ပွဲတွေ ပြင်းထန်လာသလို ရေဒီယိုနားထောင်တဲ့သူတိုင်းလည်း အံကြိတ်ပြီး နားထောင်ရတဲ့ အချိန်ပါ။အဲဒီအချိန်မှာတော့ ဖေဖေ အိမ်မှာ မရှိရင်ပေမဲ့လည်း ဘီဘီစီသတင်းတွေကို ကျွန်မက သေချာဖမ်းယူပြီးနားထောင်တတ်နေပါပြီ။

ကျွန်မတို့ နောင်ချိုကနေ မြို့ကြီးတွေမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေကို သိချင်ရင် အားကိုးစရာ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ လေဒီယိုလေးကနေ ချောက်ချက် ချောက်ချက်နဲ့ ဘီဘီစီ လိုင်းကို ဖမ်းပြီး နားထောင်ရတာပါ။

အဲဒီအချိန်က စပြီး သတင်းမီဒီယာတွေရဲ့ အရေးပါပုံကို ကျွန်မ သတိပြုမိနေပါပြီ၊ အထူးသဖြင့် သတင်းနားထောင်မှ အခြေအနေမှန်ကို သိပြီး စဉ်းစားတွေးခေါ်လို့ရမယ်ဆိုတာကို လည်း နားလည်နေပါပြီ။ အဲဒါကြောင့် လေဒီယိုကနေ သတင်းကို ဖေဖေဖွင့်နားထောင်တိုင်း ကျွန်မလည်း နားစွင့်ရင်း နားထောင်တတ်ပါတယ်။

လေဒီယိုကို ပုံမှန်နားထောင်ခဲ့တဲ့ ကျွန်မက လကုန်ရက်မှာတော့ ည ၈ နာရီခွဲ ကနေ ၉ နာရီခွဲထိ လာတတ်တဲ့ လေလှိုင်းသတင်းတွေထက် ဂစ်တာသံသဲ့သဲ့နဲ့ သီချင်းသံကိုပဲ နားစွင့်နေမိတာကိုလည်း ၀န်ခံချင်ပါသေးတယ်။

တစ်လလုံးမှာ ကျွန်မ မျှော်လင့်မိတဲ့ အချိန်ကတော့ အဲဒီ သီချင်းသံကြားရမဲ့ အချိန်ကိုပါပဲ။

အ၁၉၈၉ ခုနှစ်ကတည်းက တစ်လတစ်ချိန်ပုံမှန်နားထောင်နေခဲ့ရပေမဲက ၁၉၉၀ခုနှစ်ရဲ့ တစ်လသော လကုန်ရက်မှာတော့ သီချင်းသံ လုံးဝ မကြားခဲရတဲ့ ညတစ်ညနဲ့ မှတ်မိနေသေးတဲ့ အဖြစ်အပျက်အချို့ ရှိပါတယ်။

ပုံမှန်အားဖြင့် ဆိုရင်တော့ ည ၈ နာရီ ခွဲကနေ ၉နာရီ ၀န်းကျင်လောက်မှာ သီချင်းသံကြားရပါတယ်။ အဲဒီညကတော့ ည ၁၀ နာရီ ထိုးပြီးချိန်ထိ မကြားရသေးဘူး။ ဘာဖြစ်လို့ပါလိမ့် ဆိုတဲ့ အတွေးနဲ့ကျွန်မရဲ့ အခန်းကျဉ်းလေးထဲမှာ မီးမှောင်မှောင်ထဲမှာ တိတ်ဆိတ်စွာ ထိုင်နေမိတယ်။

တစ်အိမ်လုံး အိပ်ပျော်သွားချိန်မှာ ကျွန်မ ဒီအတိုင်းပဲ ထိုင်နေမိတာ၊ အတွေးတွေကလည်း မပြတ်တော့ဘူး၊ သူက ကျွန်မကထက်လည်း အတန်း နှစ်တန်း သုံးတန်းလောက်ကြီးတဲ့သူဖြစ်နေတဲ့အတွက် သူ့မှာ ရည်စား ရှိနိုင်တာပဲ ၊ …ပြီးတော့ တစ်စုံတစ်ရာတုန့်ပြန်မှုမရှိခဲတဲ့…ကျွန်မကို စိတ်ပျက်သွားလေသလား၊။ အမျိုးမျိုးတွေးလေ ၀မ်းနည်းပြီး ငိုချင်လာလေပါပဲ။ အဆွေးစိတ်ဟာ တမြေ့မြေ့ကျွမ်းတယ်လို့ ဆိုရမလား ရင်ထဲမှာတော့ တမျိုးကြီးဖြစ်နေပြီး အမျိုးမျိုးကို တွေးနေမိတော့တာပါ။အတွေးတွေက ကွင်းဆက်ကလေးတွေဖြစ်သွားပြီး နောက်ကွင်းဆက်တစ်ခု ဖြစ်ပြန်တယ်။ အဲဒီလို တွေးနေတာ တစ်ညလုံး ကုန်သွားခဲ့ပါတယ်။

နောက်နေ့နံနက် ကျောင်းသွားဖို့ပြင်ဆင်တော့ မနေ့ညက အိပ်မပျော်ခဲ့တဲ့အတွက် ရင်တုန်နေတယ်။ အဲဒီနှစ်က ၁၀ တန်းကျောင်းသူမို့ ကျောင်းစာကလည်း အရေးကြီးတဲ့အတွက် ကျောင်းမပျက်အောင် စိတ်နွမ်းနွမ်းနဲ့ပဲ ကြိုးစားပြီး ကျောင်းဆီကို လျှောက်လာခဲ့တယ်။

ကျောင်းရှေ့လမ်းမှာ နှင်းတွေကလည်း မှုန်နေအောင်ကျနေတယ်။ နှင်းမှုန်တွေကြားကနေ အရိပ် နှစ်ရိပ်ကို တွေ့လိုက်ရတယ်။ ဖျတ်ခနဲ့ ရင်ခုန်သွားတယ်။ အဲဒါ သူလား၊ နောက်တော့ တဖြည်းဖြည်းနဲ့ သေချာသွားတယ်။ သူရယ်…သူနဲ့ အမြဲတွဲနေတဲ့ သူ့သူငယ်ချင်းတစ်ယောက် စက်ဘီးတစ်စီးနဲ့ ကျောင်းနားက စိန်ပန်းပင်ကြီးအောက်မှာ ရပ်နေကြတာ။

သူပဲ ဆိုတာ သေချာသွားတာနဲ့ ကျွန်မ လှစ်ခနဲ ပြုံးလိုက်မိတယ်။ ဒါပေမဲက သူ့ကိုတော့ အဲဒီအပြုံးကို မမြင်စေ့ချင်ဘူး။ ပြီးတော့ ခုလို သူ့သီချင်းသံမကြားရတာနဲ့ အိပ်ပျက်လောက်အောင် ခံစားနေရတာကိုလည်း မသိစေချင်ဘူး။

သူတို့နဲ့ တဖြည်းဖြည်းချင်းနီးလာတယ် သူတို့ဘေးကနေ ဘယ်လိုဖြတ်လျှောက်သွားရမလဲ နှုတ်ဆက်လိုက်ရမလား၊ ပြုံးပြလိုက်ရမလား တွေးပြီး စိတ်ထဲမှာ စီစဉ်နေမိတယ်။

တကယ်တော့ နှုတ်လည်း မဆက်ချင်ဘူး၊ သူ့ရှေ့ကနေ မသိလိုက်မသိမသာနဲ့ပဲ မမြင်ချင်ဟန်ဆောင်နေလိုက်ချင်တယ်။ ဒါပေမဲ့ သူတို့နားရောက်လာလေ ကျွန်မ နှလုံးတွေ တဆတ်ဆတ်တုန်းပြီး လမ်းဆက်လျှောက်လို့လည်း မရချင်တော့ဘူး။ သူတို့ဘေးကနေ ဘယ်လိုလျှောက်သွားရမလဲ ဆိုတာကို မသိတော့တာပါ။

သူကလည်း ကျွန်မရှေ့နားဆီကို ခပ်ဖြေးဖြေးလျှောက်လာတာ တွေ့ရတယ်။ သူကိုယ်တိုင်လည်း လန်းလန်းဆန်းဆန်းမရှိပါဘူး၊ နွမ်းနေပုံကို မြင်နေရတယ်လေ။

ကျွန်မရှေ့ ရောက်တော့ သူက ရပ်လိုက်တယ် ပြီး တွေပြီးငေးကြည့်နေတယ်။ ကျွန်မလည်း ပြုံးဖို့ သတိမရနိုင်ဘူး၊ ဘယ်လိုလုပ်ပြီးတော့လည်း ပြုံးနိုင်မှာလဲ။ သူက ခဏနေတော့စာအုပ်လေးတစ်အုပ် ပေးပြီး ပြန်လှည့်ထွက်သွားတယ်။ အဲဒီစာအုပ်လေးထဲမှာ ပန်းရောင်စာအိပ်လေး စွန်းထွက်နေတာကို ကျွန်မ တွေ့လိုက်ရပါတယ်။

Check Also

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။ ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ …