Thursday , May 30 2019
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့ သူတွေအကြောင်းပြောရအောင် (၄)

ချစ်တဲ့ သူတွေအကြောင်းပြောရအောင် (၄)

မေသင်္ကြန်ဟိန်(မြစ်မခ)

၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီကာလမှာတော့ ထူးဆန်းတဲ့ အချစ်တစ်မျိုးကို ကျွန်မ ကြုံခဲ့ရပါတယ်။ မြင်မြင်ချင်းပဲ ချစ်မိတယ်…ဆိုတာကို သီချင်းအနေနဲ့ပဲ ကြားခဲ့ဘူးတယ်။ ဒါပေမဲ့ တကယ်ကြုံရတဲ့ အခါမှာတော့ မြင်မြင်ချင်း ချစ်မိတဲ့ အချစ် ( Love at first sight) ဟာ ထူးခြားတဲ့ အချစ်လို့ ဆိုရပါလိမ့်မယ်။

ကျွန်မ တစ်ကြိမ်တစ်ခါမှ မမြင်ဘူးခဲ့တဲ့ သူတစ်ယောက်ကို ပထမဆုံးမြင်တွေ့လိုက်ရတဲ့ အချိန်မှာပဲ သဘောကျ သွားခဲ့မိတယ်။ လူတစ်ယောက်ကို မြင်မြင်ချင်းသဘောကျ နှစ်သက်မိသွားဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။

ကျွန်မက ငယ်ငယ်လေးကတည်းက နည်းနည်းလှတော့ ကျွန်မကို ပိုးပန်းတဲ့ သူတွေ၊ ရည်းစားစာပေးတဲ့ သူတွေ၊ ရည်းစားစကားပြောတဲ့ သူတွေလည်း ကြုံခဲ့ဖူးပါတယ်။ သူငယ်ချင်းလို ခင်မင်နေတဲ့ သူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ ထူးထူခြားခြား ကျွန်မကတော့သူ့ရဲ့ အညိုရောင်မျက်ဝန်းတစ်စုံကို သဘောကျသွားခဲ့တယ်။ သူ့နာမည် သူဘာလုပ်သလဲ သူဘယ်သူလဲ ဆိုတာ မသိဘဲနဲ့ကို သဘောကျသွားခဲ့တာပါ။ သူ ဘယ်သူလဲ ဆိုတာကိုလည်း တော်တော်ကြာတဲ့အထိ မသိခဲ့ရပါဘူး။

နောက်မှ သူဟာ နောင်ချိုမြို့နယ်ထဲက ကားလမ်းတောင်မပေါက်တဲ့ ကျေးရွာငယ်လေးတစ်ခုမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရတဲ့ မူလတန်းပြ ဆရာလေး တစ်ဦးဆိုတာကို သိလာရပါတယ်။

သူ့အလုပ်ကို သိလာရတဲ့အခါ ပိုပြီး နှစ်သက်သဘောကျသွားပါတယ်။ ကျွန်မက အတ္တ မကြီးတဲ့သူတွေ၊အနစ်နာခံတတ်တဲ့ စိတ်ထားရှိသူတွေနဲ့ အများအကျိုးဆောင်တတ်တဲ့ သူတွေကို သဘောကျတတ်တဲ့ သူမျိုးပါ။

တစ်လလုံး အဲဒီရွာလေးမှာ ကျောင်းဆရာအဖြစ် သူ့သူငယ်ချင်းနဲ့အတူတူ သွားရောက်တာဝန်ထမ်းဆောင်ကြရင်း လကုန်ရက်မှ လစာငွေထုတ်ဖို့အတွက် နောင်ချိုမြို့ကို ပြန်လာရပါတယ်။ သူ နောင်ချိုမြို့ကို ရောက်တဲ့ အချိန်တိုင်း ကျွန်မတို့ အိမ်ရှေ့မှာ လာပြီး ဂစ်တာတီးပြီး သီးချင်းဆိုလေ့ရှိတယ်။

အမြဲဆိုတတ်တဲ့ သီချင်းတွေက အဆိုတော် တူးတူးရဲ့ အကြင်နာအကြည့်တွေရဲ့ အကြောင်း၊ အဆိုတော် ဖိုးချိုရဲ့ ချစ်သူ ကို၊ အဆိုတော် ခင်မောင်တိုးရဲ့ မဟာဆန်သူ၊ အဆိုတော် စိုင်းထီးဆိုင်ရဲ့ ချစ်တာ တစ်ခုတည်း သိတယ်…အဲဒီ သီချင်းတွေကို အမြဲကြားရတတ်ပါတယ်။ အဲဒီ သီချင်းသံကြားရတဲ့ နောက်နေ့ ဆို သူ့ကို မတွေ့ရတော့ပါဘူး သူက သူတာဝန်ကျတဲ့ ရွာကို ပြန်ရပါတယ်။

အဲဒီလို သူနဲ့ ကျွန်မ ရည်စားမဖြစ်ဘဲနဲ့ တစ်ယောက်ကို တစ်ယောက်သဘောကျနေခဲ့တဲ့ အချိန်တွေက တော်တော်ကြာပါတယ်။ တစ်နှစ်လား နှစ်နှစ်လား ဆိုတာ ကျွန်မသေချာမမှတ်မိတော့ပေမဲ့ တစ်ကယ် သူဖွင့်ပြောလာခဲ့ချိန်မှာတော့

သူ သေချာ အချိန်ယူ စဉ်းစားပြီးမှ ဖွင့်ပြောခဲ့တယ်ဆိုတာကိုတော့ ကျွန်မ မှတ်မိနေပါသေးတယ်။

တကယ်တော့ သူနဲ့ ကျွန်မဟာ မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းဆိုတာကိုတော့ နောက်ပိုင်းမှ သိရတာပါ။

အဲဒီတုန်းကတော့ သူ့ကို တိတ်တိတ်ကလေး သဘောကျနေမိပြီး သူတစ်လ တစ်ချိန်လာဆိုတတ်တဲ့ သူ့သီချင်းသံကိုပဲ စောင့်နားထောင်ခဲ့ပါတယ်။

အဲဒီကာလ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲ ကာလတွေမှာတော့ အရှိန်အဟုန်ပြင်းသော အချစ်နဲ့ ပြင်းထန်သော အမုန်းတစ်မျိုးကို ကျွန်မ ထပ်တွေ့ခဲ့ရပြန်ပါတယ်။

အဲဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီကို အားပေးထောက်ခံသလို၊ ဗိုလ်ချုပ်အောင်ဆန်းအပေါ် မလိုလားစိတ်ရှိတဲ့ သူတွေကလည်း အန်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခါးခါးသီးသီးဖြစ်လာကြတာလည်း တွေ့ရပါတယ်။

တကယ်တော့ အန်အယ်ဒီပါတီဆိုတာ စကတည်းက အခက်အခဲတွေ၊ အတိုက်အခိုက်တွေနဲ့ စခဲ့ရတဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်။ အန်အယ်ဒီပါတီဝင် တွေဟာလည်း ဗိုလ်ချုပ်မုန်းသူတို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ အတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာတယ်၊ ခဏပြန်လွတ်ပေးလိုက်တဲ့ အချိန် အပြင်မှာ ရှိနေရင်လည်း ဖိနှိပ်ခံခဲ့ရတယ်။

တကယ်တော့ နောင်ချိုမြို့ဆိုတာ စစ်တပ် ၃ တပ် ၀န်းရံထားတဲ့ မြို့ပါ။ နောင်ချိုမြို့ရဲ့တစ်ဘက်မှာ ခြေလျင် ၁၁၄ နဲ့ ၁၁၅ ရှိပြီးတော့ အခြားတစ်ဘက်မှာတော့ ၁၇ တပ်ရင်းတို့ ရှိပါတယ်။ တပ်မိသားစုတွေက ကျွန်မတို့တက်နေတဲ့ အထက ၁ ကျောင်းမှာပဲ လာတက်ကြပါတယ်။ အဲဒါကြောင့် ကျွန်မမှာလည်း တပ်မိသားစုဝင် သူငယ်ချင်းတွေ ရှိပါတယ်။ ကျွန်မရဲ့ တပ်မိသားစုဝင် သူငယ်ချင်းတွေက နွေးနွေးထွေးထွေးဆက်ဆံကြတာကို ကြည့်ခြင်းအားဖြင့် အဲဒီတပ်တွေကတော့ ကျွန်မတို့မိသားစုအပေါ်မှာ ထားတဲ့ သဘောထားတွေက မဆိုးဘူးလို့ ထင်ပါတယ်။

သည်ကြားထဲမှာ အဲဒီတုန်းက အင်အားအကြီးဆုံးပါတီကတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးလို့ ခေါ်တဲ့ တစည ပါတီပါပဲ။ တစည ပါတီဝင်တွေကတော့ အရင်တုန်းက ပါတီကောင်စီ(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)၀င်တွေပါပဲ၊ ၈၈ အရေးအခင်းပြီးတော့ သူတို့အနေနဲ့ နာမည်ကောင်းရှိခဲ့တဲ့ သူတွေ၊ မြို့ခံတွေအပေါ်မှာ သြဇာရှိတဲ့ သူတွေကို သေချာရွေးပြီး ရွေးကောက်ပွဲ ၀င်ဖို့ စီစဉ်ကြတာပါ။

ကျွန်မ အမြင်ပြောရရင်တော့သူတို့တွေက ရွေးကောက်ပွဲမှာ သူတို့ပဲ နိုင်လိမ့်မယ်လို့လည်း ယူဆထားပုံရပါတယ်။

နောက် အန်အယ်ဒီပါတီနဲ့ ယှဉ်ပြိုင်ရတာကတော့ တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီပါ။ ရှမ်းပြည်နယ်ဆိုတော့ ရှမ်းတိုင်းရင်းသားပါတီကိုပဲ နိုင်စေချင်တယ်ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။

ဦးအောင်ကြီးရဲ့ ပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်ကလည်း ရှေ့နေပါပဲ၊ဒါပေမဲ့ သူက မေမြို့ကနေ လာပြိုင်တာဖြစ်တဲ့ အတွက် မြို့က စိတ်ဝင်စားမှုနည်းတာတွေ့ရပါတယ်။

အဲဒီကာလတွေမှာ ဖေဖေ ဘယ်လောက် စိတ်လှုပ်ရှားသလဲ ဆိုတာကို ကျွန်မ သေချာ မပြောနိုင်ပေမဲ့ နောင်ချိုမြို့ခံတွေနဲ့ ဖေဖေ့ရဲ့ ရဲဘော်တွေကတော့ အတော့်ကို စိတ်လှုပ်ရှားနေကြတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

ဖေဖေတို့ပါတီကလည်း မဲပေးခြင်းဆိုင်ရာ ပညာပေးခြင်းကို တစ်ရွာဝင်တစ်ရွာထွက် လိုက်လုပ်ခဲ့ကြပါတယ်။ အိမ်တွေကို သွားတိုင်း မဲပေးခွင့်ရှိတဲ့ သူတွေနဲ့ တွေ့တိုင်း ပြောရတာကတော့ `ထည့်ချင်တဲ့ပါတီ မဲထည့်ပါ၊ ဒါပေမဲ့ ထည့်တဲ့ မဲ အလကားမဖြစ်ရအောင်တော့ ဘယ်လို မဲပေးပါ “ဆိုပြီး ပညာပေးရပါတယ်။

သိတဲ့ အတိုင်းပါပဲ ပြည်နယ်က ဒေသခံတွေဆိုတာ မဲ ပေးဖို့လည်း စိတ်မ၀င်စားတော့ မဲပေးဖို့ စိတ်ဝင်စားလာအောင်လည်း စည်းရုံးရပါတယ်။ မြို့ပေါ်ဒေသတွေကတော့ အန်အယ်ဒီပါတအကြောင်းကို သိပေမဲ့ ရှမ်းရွာတွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ မသိကြတဲ့ အတွက် အန်အယ်ဒီပါတီရဲ့ အကြောင်းကိုလည်း မနည်းရှင်းပြခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ချစ်တဲ့ သူ ရှိရင် မုန်းတဲ့ သူ မျက်မှန်းကျိုးနေတဲ့ သူတွေလည်း ရှိတယ် ဆိုတဲ့ သဘာဝကို ကျွန်မသိလာခဲ့ရတယ်။ နောက်တစ်ချက်ကတော့ မနာလိုမှု ရဲ့ အားရာ ဟာ အကောင်းထက် အဆိုးကို သာဖြစ်စေပြီး အမှားဘက်ကိုသာ ယိမ်းယိုင်စေတာပဲ ဆိုတာကိုလည်း သိခွင့်ရလိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီမှ ဘယ်သူမှန်းမသိတဲ့ လက်သည်မပေါ်တဲ့ အကြမ်းဖက်မှု အချို့လည်း အန်အယ်ဒီပါတီက ကြုံတွေ့ခဲ့ရပါတယ်။ နောင်မှ သိရတာကတော့ အဲဒီလို အဖြစ်အပျက်မျိုးတွေက နောင်ချိုမှာမှ မဟုတ်ပါဘူး တစ်ပြည်လုံးဖြစ်ခဲ့တယ်ဆိုတာကိုတော့ နောင်မှ ပြန်ကြားရပါတယ်။

မှတ်မိနေတာကတော့ ကံကြီး တောင်းခမ်းနားက ရွာတစ်ရွာမှာပါပဲ၊ ဘယ်ရွာလဲ ဆိုတာကိုတော့ သေချာ မမှတ်မိတော့ါဘူး။ အန်အယ်ဒီပါတီက မဲပေးဖို့အတွက် ပညာပေးနေတုန်း ဘယ်သူမှန်းမသိတဲ့ သူတွေက အိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ကြတယ်။ ပါတီဝင်အချို့ လည်း ဒဏ်ရာရခဲ့တယ်။

အဲဒီအဖြစ်အပျက်ကို ရွေးကောက်ပွဲကော်မရှင်ကို တိုင်ခဲ့သေးလား ဆိုတာကို ကျွန်မ သေချာမမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက ရွေးကောက်ပွဲ ကော်မရှင်ကတော့ တော်တော်လေးကို သမာသမတ်ကျခဲ့တယ်လို့ နိုင်ငံရေးသမားတွေနဲ့ သတင်းစာဆရာတွေက သုံးသပ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရွေးကောက်ပွဲကလည်း နီးလာလေ အန်အယ်ဒီပါတီအနေနဲ့လည်း အခက်ခဲတွေ တစ်မျိုးပြီး တစ်မျိုးကြုံတွေ့လာရလေဖြစ်လာခဲ့ပါတယ်။ အဆိုးထဲက အကောင်းတွေလည်း ရှိပါသေးတယ်။ အရင်တုန်းက ဖေဖေ့ကို နှုတ်ဆက်ဖို့တောင်မှ မ၀ံ့မရဲဖြစ်နေကြတဲ့ ဒေသခံတွေက ပေါ်ပေါ်ထင်ထင်ပဲ နှုတ်ဆက် စကားပြောတာ၊ အားပေးတာတွေ လုပ်လာကြပါတယ်။ ပါတီရုံးနဲ့ အိမ်ကို လူဝင်လူထွက်တွေ များလာပြီး ဖေဖေ့ကို အားပေးလာကြတာလည်း တွေ့ရတယ်။

ကျွန်မကတော့ ဒီရက်တွေအတွင်းမှာ ဖေဖေ လိုအပ်ရင် ဘာမဆို လုပ်ပေးဖို့ပဲ တွေးနေမိတယ်။ဧည့်သည်တွေနဲ့ စကားပြောနေတဲ့ ဖေဖေ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ နေခဲ့တယ်။ အဲဒီတုန်းက ဖေဖေ့ မျက်နှာဟာ ချိုမြပြီးတော့စင်ကြယ်နေခဲ့တယ်။ မျက်နှာမှာလည်း အရှိန်အ၀ါတစ်ခုနဲ့ ခွန်အားရှိနေတယ်ဆိုတာကို မြင်တွေ့နေရတယ်။

ရွေးကောက်ပွဲနေ့မှာတော့ကျွန်မတို့မိသားစုအားလုံး နံနက်အစောကြီးထပြီး ပြင်ဆင်ကြပါတယ်။ ဖေဖေကတော့ ဂျစ်ကားလေးနဲ့ နောင်ချိုမြို့တွင်းက မဲရုံတွေကို လိုက်ကြည့်ဖို့ အစီစဉ်ဆွဲပါတယ်။ ကျွန်မကတော့ မဲရုံကိုယ်စားလှယ်တွေ နဲ့ လူငယ်အဖွဲ့ တွေကို ထမင်းထုတ်ဝေတာတွေ လိုအပ်တာကူညီပေးတာတွေ ဆောင်ရွက်ရမှာပါ၊ ဖေဖေ အထူးမှာတာကတော့ ဒီနေ့ ပြဿနာ မဖြစ်အောင် ဂရုစိုက်ဖို့ပါပဲ၊ အထူးသဖြင့် မဲထည့်ဖို့ မဆွယ်ပါနဲ့ သူတို့ကြိုက်တဲ့ သူကို သူတို့ ထည့်ပါစေလို့ လူငယ်အဖွဲ့တွေနဲ့ သူ့အဖွဲ့ဝင်တွေကို သေချာမှာသွားခဲ့တယ်။

အဲဒီနေ့က နံနက်စောစောကတည်းက ကျွန်မတို့အားလုံး သွက်သွက်လက်လက်ရှိနေကြတယ်။ မဲရုံတွေတစ်ရုံပြီး တစ်ရုံး သွားကြည့်ကြတယ်။ မဲရုံနဲ့ ခပ်လှမ်းလှမ်းကနေ ရပ်စောင့်ကြည့်နေကြပေမဲ့ စကားမပြောကြဘူး။ မဲရုံမှာမဲထည့်သွားပြီးတဲ့ သူတွေက ကျွန်မကိုတွေ့ရင် လက်မထောင်ပြသွားကြတယ်။ အခြေအနေကောင်းတယ်ပေါ့။

အဲဒီနေ့တုန်းက ညနေပိုင်း မဲရုံပိတ်ပြီး မဲရေ တွက်နေတဲ့ အချိန်မှာ မဲ ရေတွက်သံတွေကတော့ ကျွန်မတို့ရဲ့ နှလုံးခုန်သံတွေကို မြန်စေခဲ့တယ်။ နောင်ချို ဈေးရပ်ကွက်က မဲရုံမှာလည်း ဖေဖေ့ရဲ့ မဲက အများဆုံး၊ပြီးတော့ ပန်ဟပ် ရပ်ကွက်မှာလည်း ဖေဖေကပဲ မဲ အများဆုံး ပြီးတော့ ဘူတာ ရပ်ကွက်၊ တောင်ရပ်ကွက် စတဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ ဖေဖေ နိုင်တယ်။ အဲဒီအချိန် နောင်ချို အန်အယ်ဒီပါတီ ရုံးရှေ့မှာ လူတွေ ပျော်နေကြပြီ။

ခဏနေတော့ ရွာတွေက မဲစာရင်းတွေလည်း တက်လာ…ရွာတွေမှာလည်း ဖေဖေတို့ပဲ နိုင်တယ်။ အဲဒီညက တစ်ညလုံးပါပဲ မဲ စာရင်းတွေ နဲ့ အပျော်တွေက နောင်ချိုတစ်မြို့လုံးကို အိပ်ရေး ပျက်စေခဲ့တယ်။

တကယ်တော့ နောင်ချိုတစ်မြို့လုံးတင် အိပ်ရေးပျက်ခဲ့ကြတာ မဟုတ်ပါဘူး။ မြန်မာပြည်တစ်ပြည်လုံး အဲဒီနေ့ညမှာ ဘယ်သူမှ အိပ်မပျော်နိုင်ခဲ့ကြဘူး မဟုတ်လား။ ရန်ကုန်မှာတော့ ဘယ်နှဲ့နေတယ် မသိဘူး။

မန္တလေးမှာ ဆို သင်္ကြန်လိုပဲ တစ်ညလုံး နဂါးနီသီချင်း ဆိုပြီး ပျော်ကြသတဲ့…။

အဲဒီနေ့ကတော့ တကယ်ပဲ အန်အယ်ဒီ ပါတီိ နိုင်ပြီ၊ မြန်မာပြည် အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ပြီ ဆိုပြီး ပျော်ခဲ့ကြတာ အိပ်မက်မှ မဟုတ်တာပဲလေ။

Check Also

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။ ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ …