Thursday , November 1 2018
Home / FNews / ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ်ပါလီမန်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားမည်ဟု ဒေါက်တာအေးမောင်ပြောဆို

ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ်ပါလီမန်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားမည်ဟု ဒေါက်တာအေးမောင်ပြောဆို

မိုးဝေ(မြစ်မခ)

ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ရခိုင်ပြည်နယ်ပါလီမန်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။

“ရခိုင်အမျိုးသားပါတီ လွှတ်တော် အမတ်နေရာ အများစုရရှိပြီးလျှင် ပါလီမန်ကို ထိန်းချုပ်လိုက်ခြင်းဖြင့် အစိုးရဖွဲ့နိုင်သော ပါတီကြီးများက လာချည်းကပ်ရလိမ့်မယ်။ အဓိက ရခိုင်အမျိုးသားပါတီ အမတ်အများစု ရရှိမှသာ ပါလီမန်ကို ထိန်းချုပ်နိုင်ခြင်းဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အများကြီးဆောင်ရွက် ပေးနိုင်မယ်။” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

စစ်တွေမြို့၊ ဘုရားကြီးအနီး ဝင်္ကပါကွင်း၌ အောက်တိုဘာ(၁) ရက်နေ့က မြို့ခံလူထုများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)တို့ ပူးပေါင်းကာ  ရခိုင်အမျိုးသားပါတီကို ဖွဲ့စည်းလိုက်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

“RNDP အနေနဲ့ ရခိုင်မှာတစ်ပါတီဘဲရှိသင့်တယ်ဆိုတဲ့အတွက် ALD နဲ့ပေါင်းစည်းလိုက်တယ်၊ ဒါပေမယ့် တစ်ဖက်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီရှိတာကို မသိခဲ့တာလား။ ထည့်မတွက် ခဲ့တာလား။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ မဲတွေကွဲမယ်ဆိုတာ သေချာနေပြီ။” ဟု ရခိုင်နိုင်ငံရေးလေ့လာသူ တစ်ဦးဖြစ်သည့် ဦးထွန်းဝေက ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် (၉၀) ရာခိုင်နှုန်း အနိုင်ရရန်မျှော်မှန်းထားကြောင်း ဒေါက်တာအေးမောင်ထံမှ သိရသည်။

“ရခိုင်ပြည်နယ်ကို လက်ရှိအာဏာရ ပုဂ္ဂိုလ်တွေဆီမှာ လွတ်လပ်ရေးအလွန်ကာလ နှစ်ပေါင်း ၆၇ နှစ် အပ်နှံ ခဲ့ပြီးပါပြီ။ ရခိုင်ပြည်နယ်ကို ဒေသဖွံ့ဖြိုးရေးတွေလုပ်ဖို့၊ တိုင်းရင်းသားတန်းတူ အကျိုးခံစားခွင့် ရရှိဖို့၊ ပညာ တတ်တွေ ပိုများလာဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရရှိဖို့ အစစအရာရာ လုပ်ဆောင်ဖို့ အပ်နှံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဘာဆိုဘာမှကို မပြောင်းလဲသေးတာ။ မတိုးတက်သေးတာ။ ဒါ့ကြောင့် အခုကျွန်တော်တို့ ပြောင်းလဲဖို့ အချိန်တန်ပါပြီ။” ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် (၇၇)နေရာ ယှဉ်ပြိုင်မည်ဖြစ်ရာ ရခိုင်ပြည်နယ်လွှတ်တော်(၃)ရပ်တွင် (၆၂)နေရာ၊ ချင်းပြည်နယ်တွင် (၅)နေရာ၊  ရန်ကုန်တိုင်းဒေသကြီးတွင် (၉)နေရာနှင့် ဧရာဝတီတိုင်းဒေသကြီးတွင်(၁)နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …