Thursday , November 1 2018
Home / သတင်း / လွှတ်တော်သတင်း / ရန်ကုန်မြို့တွင်း စင်းလုံးငှားယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေ

ရန်ကုန်မြို့တွင်း စင်းလုံးငှားယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေ

 

အေမီအောင်(မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ(၄)ရက်။

ရန်ကုန်မြို့တွင်း စင်းလုံးငှားယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုလိုက်သည်။

ဒီဇင်ဘာ(၄)ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်တိုင်းလွှတ်တော်၊ ပဉ္စမပပုံမှန်အစည်းအဝေး(၂၀)ရက်မြောက် နေ့တွင် ပန်းပဲတန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦး၏ ရန်ကုန်ုတိုင်းအတွင်း ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စေရန် စင်းလုံးဌားယာဉ်လိုင်းများကို တရားဝင်စီစဉ် ဆောင်ရွက်ပေးရန် မေးမြန်းမှုကို ၎င်းကပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဆူးလေမှ အောင်မင်္ဂလာအဝေးပြေးကဲ့သို့သော ခရီးစဉ်ကို ခရီးသည်တစ်ဦးလျှင် ကျပ်တစ်ထောင်သာကျသည့် စုပေါင်း တက္ကဆီ (သို့) စင်းလုံးအငှားယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ချပေးရန် စီစဉ်သွားမည်ဟု သိရသည်။

“ဆူးလေ-အောင်မင်္ဂလာလိုင်းကဲ့သို့သော လိုင်းတွေက သူတို့ပြေးဆွဲနေတဲ့ပုံစံက ကျွန်မတို့ YBS ယာဉ်များ ပြေးဆွဲသကဲ့သို့ ပြေးဆွဲပြီးတော့ သူတို့မှတ်ပုံတင်ထားရှိမှုတွေက တက္ကဆီမှတ်ပုံတင်တွေလိုဖြစ်တဲ့အတွက်  လုပ်ထုံးလုပ်နည်းအရ ညီညွတ်မှု မရှိတဲ့အတွက် ကျွန်မတို့အနေနဲ့ယာယီမှာရပ်တန့်ပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်အောင် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲပြီးတော့ လွှတ်တော်ကိုယ်စာုးလှယ်ပြောတဲ့ လိုင်းတွေကို ပြန်လည်ပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။“ဟု တိုင်းလျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယခင်က ဆူးလေ-အောင်မင်္ဂလာအဝေးပြေးကွင်း၊ ဆူးလေ-ရွှေပေါက်ကံ၊ ဆူးလေ-မြောက်ဥက္ကလာကိုသွားသည့် စုပေါင်းတက္ကဆီများသည် လူတစ်ယောက်လျှင် ကျပ်တစ်ထောင်သာ ပေးရပြီး အချိန်တိုအတွင်းမှာ ရောက်ရှိ သည့် အတွက် အများပြည်သူလက်ခံကျေနပ်သည့် ယာဉ်လိုင်းများဖြစ်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် မထသ ယာဉ်လိုင်းများကို ဖျက်သိမ်းရာတွင် အဆိုပါ ကျပ်တစ်ထောင်တန် စုပေါင်းအငှားယာဉ်များလည်း ရပ်ဆိုင်းသွားခဲ့သည်ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ပြောသည်။

“အဆိုပါယာဉ်လိုင်းတွေ ပါဝင်သွားပြီးတော့ အခုအခါတရားမဝင် ကြားကားဆွဲ နေရသလိုဖြစ်နေပါတယ်။ ထို့အတူပဲ လမ်း ၄၀ ဗိုလ်အောင်ကျော်လမ်းထိပ်မှာရှိတဲ့ နေရာကနေပြီးတော့ ယုဇနဥယျာဉ်ကို သွားနေတဲ့ စင်းလုံးငှားယာဉ် ငွေကျပ် ၅၀၀ လောက်နဲ့ အဆင်ပြေစွာသွားနိုင်လောက်တဲ့ အခြေအနေမှာရှိပါတယ်။ အဆိုပါ ယာဉ်လိုင်းတွေကို စည်းကမ်းတကျနဲ့စည်းမျဉ်းစည်းကမ်းသတ်မှတ်ပြီးတော့ တိုင်းအစိုးရလက်အောက်ကနေ တရားဝင်ခွင့်ပြုလိုက်မယ်ဆိုရင် အခွန်ဘဏ္ဍာလည်းရ ယာဉ်ပိုင်ရှင်ရော ခရီးသည်ရော အဆင်ပြေချောမွေ့
လာမှာ ဖြစ်ပါတယ်။”ဟု ပန်းဘဲတန်းမြို့နယ်မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် အငှားယာဉ်ပေါင်း ၆ သောင်း ၇ ထောင်ကျော်ရှိပြီး အများစုမှာ ပုဂ္ဂလိကပိုင် အငှားယာဉ်များ ဖြစ်ပြီး  အဆိုပါ တက္ကဆီများကို စနစ်တကျပြန်လည် စိစစ်ကာ စင်းလုံးဌားယာဉ်လိုင်းများအဖြစ် တရားဝင် ပြေးဆွဲခွင့်ကို စီစဉ်ပေးသွားမည်ဟု တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

 

Check Also

အခွန်အယူခံအဖွဲ့ဥပဒေကြမ်းကို ဆွေးနွေးသုံးသပ်နိုင်ရန် စီမံ၊ ဘဏ္ဍာဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ် တော်တင်သွင်း

  ဝေဖြိုး(မြစ်မခ) နေပြည်တော်၊ သြဂုတ် ၁၇ ရက်။ ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သည့် အခွန်အယူခံအဖွဲ့ဖြစ်လာရန် အခွန်အယူခံခုံရုံးအဖွဲ့ဥပဒေကြမ်းရေးဆွဲ၍ ဆွေးနွေးသုံးသပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး …