Thursday , November 1 2018
Home / သတင်း / လွှတ်တော်သတင်း / ရန်ကုန်တွင် ရေကန်၊ ရေစုကန်များကို မြေဖို့၍ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ခွင့်မပြုရန်အဆို တိုင်းလွှတ်တော်က မှတ်တမ်းတင်ကာ စောင့်ကြည့်သွားမည်

ရန်ကုန်တွင် ရေကန်၊ ရေစုကန်များကို မြေဖို့၍ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ခွင့်မပြုရန်အဆို တိုင်းလွှတ်တော်က မှတ်တမ်းတင်ကာ စောင့်ကြည့်သွားမည်

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက်။

ရန်ကုန်တွင် ရေကန်၊ ရေစုကန်များကို မြေဖို့၍ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ခွင့်မပြုရန်အဆိုကို တိုင်းလွှတ်တော်က မှတ်တမ်းတင်ကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန် အစည်းအဝေးမှ သိရှိရသည်။

အဆိုကို မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက နိုဝင်ဘာ(၁၄)ရက် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ(၄)ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် တိုင်းလွှတ်တော်၊ ပဉ္စမ ပုံမှန်အစည်း အဝေး (၂၀)ရက် မြောက်တွင် အဆိုကို လွှတ်တော်တွင် မှတ်တမ်းအဖြစ် ထားရှိပေးရန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည် ဆွေးနွေးခဲ့ရာ တိုင်းလွှတ်တော်က မှတ်တမ်းတင်ကာ စောင့်ကြည့်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့ကွက်ကျမြေပုံတွင်ရှိသည့် သဘာဝရေကန်များ၊ ရေစုကန်များကို ကျုးကျော် ဆောက် လုပ်ခြင်းများ မရှိစေရန် စည်ပင်သာယာရေး ဥပဒေအတိုင်း အတိအကျ ထိန်းသိမ်းကြပ်မတ်မှုများ ဆောင်ရွက် လျက်ရှိပြီး မြို့ကွက်ကျမြေပုံတွင် မပါဝင်သည့် သဘာဝရေကန်များကို ကိုင်တွယ်ဖြေရှင်းရန်မှာ လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည့်အတွက် လွှတ်တော်တွင်မှတ်တမ်းအဖြစ် ထားရှိပေးရန် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

“မြို့ကွက်ကျမြေပုံမှာ ပါဝင်တဲ့ ရေကန်များတွင် မြေဖို့ခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်းကို လုံးဝခွင့်မပြုခဲ့ ပါဘူး။ ဖြစ်လာရင်လည်း တားဆီးရမှာဖြစ်ပါတယ်။ မြေပုံတွင်ပါဝင်ပြီးဖြစ်တဲ့အနေအထားနဲ့ မြေပုံတွင် မပါဝင်သော်လည်း စကားရပ်နှစ်ခုသည် ပြည်သူလူထုအတွက် စိတ်ပူပန်မှုများဖြစ်စေပါတယ်။ လုပ်ထုံး လုပ်နည်းအရတော့ မြေပုံတွင် ပါဝင်ပြီးဖြစ်တဲ့ အနေအထားပေါ်မူတည်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဆိုရှင် ဦးရန်ရှင်းရဲ့ သဘာဝအလျောက်တည်ရှိနေသည့် ရေကန်များအား မြေဖို့၍ အဆောက်အဦးများ ဆောက်လုပ်နေခြင်းကို လုံးဝခွင့်မပြုရန် အဆိုအား မှတ်တမ်းအဖြစ် ထားရှိပေးပါရန် တင်ပြအပ်ပါတယ်။“ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

သဘာဝရေကန်များထိန်းသိမ်းထားနိုင်ခြင်း မရှိသည့်အတွက် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ကာ အဆိုပါ ကိစ္စကို ဖြေရှင်းရန် ပြည်ထောင်စုအဆင့်က ကမ္ဘာ့ဘဏ်ထံမှ ချေးယူထာခဲ့သည့် ကြွေးမြီပြဿနာသည် ပြည်သူလူထု တစ်မျိုးသားလုံးအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေရာ သဘာဝရေကန်များကို မရှိခဲ့သောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းကို တားဆီးနိုင်ရန် အဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ရုံမကဘဲ စောင့်ကြည့်သည့် အဆင့်အထိ ထားရှိပေးရန် အဆိုရှင် ဦးရန်ရှင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။

Check Also

အခွန်အယူခံအဖွဲ့ဥပဒေကြမ်းကို ဆွေးနွေးသုံးသပ်နိုင်ရန် စီမံ၊ ဘဏ္ဍာဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ် တော်တင်သွင်း

  ဝေဖြိုး(မြစ်မခ) နေပြည်တော်၊ သြဂုတ် ၁၇ ရက်။ ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သည့် အခွန်အယူခံအဖွဲ့ဖြစ်လာရန် အခွန်အယူခံခုံရုံးအဖွဲ့ဥပဒေကြမ်းရေးဆွဲ၍ ဆွေးနွေးသုံးသပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး …