Thursday , November 1 2018
Home / FNews / ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်ခြင်းကြောင့် အ၀လွန်တဲ့ ကလေးကို မွေးနိုင်ခြေပိုများ

ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်ခြင်းကြောင့် အ၀လွန်တဲ့ ကလေးကို မွေးနိုင်ခြေပိုများ

 

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ကော်ဖီနှစ်ခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးတွေဟာ အဝလွန်တဲ့ကလေးတွေကို မွေးဖွားနိုင်ခြေပိုများတယ် လို့ လေ့လာသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မမွေးဖွားခင် သားအိမ်ထဲမှာရှိနေတဲ့သန္ဓေသားလောင်းတွေဆီ ကဖင်းဓါတ် လိုတာထက်ပိုပြီး ရောက်ရှိသွားတဲ့အခါ မွေးဖွားလာပြီးနောက် ကလေးငယ်တွေဟာ ငယ်စဉ်ဘဝမှာ အဝလွန်နိုင်ခြေပိုများကြောင်း သုတေသီတွေကပြောပါတယ်။

လေ့လာသူတွေဟာ ကိုယ်ဝန်ဆောင်တွေမှာ ကဖင်းဓာတ်ရှိနေမှုနဲ့ အသက် ၈နှစ်အထိရှိတဲ့ ကလေးတွေရဲ့ ကိုယ်အလေးချိန်ကြားဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။ ၂၀၀၂ ခုနှစ် မှ ၂၀၀၈ ခုနှစ်အတွင်း နော်ဝေးနိုင်ငံမှာရှိတဲ့ မိခင်နဲ့ ကလေး အတွဲ ၅၁၀၀၀ တွဲ ခန့်ကို လေ့လာကြည့်တဲ့အခါမှာတော့ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မိခင်တွေအနေနဲ့ ချောကလက်၊ လက်ဖက်ရည်နဲ့ အချိုရည်တွေ အများကြီးကို စားသောက်နေတာ တွေ့ရပါတယ်။ ဒီအစားအစာတွေဟာ ကဖင်းဓါတ် ပေါကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေပါ။ ကော်ဖီတွေမှာလည်း ကဖင်းဓါတ်ပါဝင်သလို လူတွေ စွဲလန်းနှစ်ခြိုက်စွာသောက်နေကြတဲ့ အားဖြည့်အချိုရည်အတော်များများထဲမှာလည်း ကဖင်းဓါတ်တွေ ပါဝင်ပါတယ်။

မိခင်ဆယ်ယောက်မှာ လေးယောက်ကျော်ကျော် လောက်ဟာ တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်တာနဲ့ ညီမျှတဲ့ သာမန်ကဖိန်းဓာတ်ကို စားသုံးနေပါတယ်။ ကျန်တဲ့ ၇ ရာခိုင်နှုန်းလောက်မှာတော့ ကော်ဖီ ၃ ခွက်စာ ပမာဏလောက်ရှိတဲ့ ကဖင်းဓာတ်တွေ ရှိနေကြပြီး ၃ ရာခိုင်နှုန်းလောက်မှာတော့ ကော်ဖီ ၃ ခွက်စာထက်ပိုများတဲ့ ကဖင်းဓာတ်တွေရှိနေပါတယ်။ ကျန်တဲ့တစ်ဝက်လောက်မှာသာ ကော်ဖီ ခွက်ဝက်စာ ပမာဏလောက်သာ ရှိတဲ့ ကဖင်းဓာတ်ပဲတွေ့ရတာပါ။

ကလေးတွေရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်တွေကိုတော့ အသက် ၆ ပတ်မှ စတင်ပြီး ၃လ၊ ၆လ၊ ၈လ၊ ၁၂လ နဲ့ ၁၈လတွေမှာ တိုင်းတာရပြီး အသက် ၂ နှစ်မှ ၈ နှစ်အထိ နှစ်စဉ်တိုင်းတာခဲ့ကြပါတယ်။ အဲဒီမှာတော့ သာမန် ကဖင်းဓာတ်ရှိတဲ့ မိခင်ရဲ့ ကလေးတွေဟာ ကိုယ်ဝန်ဆောင်ချိန် ကဖိန်းဓာတ်ကို လုံးဝရှောင်တဲ့မိခင်တွေရဲ့ ကလေးတွေထက် ၁၅ ရာခိုင်နှုန်းပိုမို ၀ဖြိုးကြတာကို တွေ့ခဲ့ရပြီး အရပ်တော့ လုံးဝမရှည်ခဲ့ပါဘူး။ ကဖင်းဓာတ်မြင့်မားခဲ့တဲ့ မိခင်တွေရဲ့ ကလေးကတော့ သာမန်ထက် ၃၀ ရာခိုင်နှုန်းပိုမို ၀ဖြိုးခဲ့ပြီး ကဖင်းဓာတ် အမြင့်ဆုံးရှိခဲ့တဲ့ မိခင်ရဲ့ ကလေးတွေကတော့ ၆၆ ရာခိုင်နှုန်းအထိ တခြားကလေးတွေထက် ထွားကျိုင်းခဲ့ပါတယ် လို့ BMJ ကျန်းမာရေးဂျာနယ်က လေ့လာတွေ့ရှိခဲ့ပါတယ်။ ကဖင်းဓာတ်အမြင့်ဆုံးဖြစ်ခဲ့တဲ့ မိခင်တွေရဲ့ ကလေးတွေဟာ အသက် ၃ လနဲ့ ၁၂ လ မှာ ၃ အောင်စစီ အလေးချိန်တက်ခဲ့ပြီး အသက် ၈ နှစ်မှာ ၁ ပေါင်စီ တက်ခဲ့တယ် လို့ဆိုပါတယ်။

ကလေးတွေကို အ၀လွန်ခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် မိဘတွေအနေနဲ့ ဂရုစိုက်ပေးသင့်ပါတယ်။ တစ်ချို့ ဒိန်ချဉ်တွေမှာ ကလေးတွေအတွက် လိုအပ်တဲ့ အဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်တဲ့ အတွက် ကလေးတွေကို နေ့တိုင်းကျွေးသင့်ပါတယ်။ သကြားလုံး ချောကလက်စတဲ့ အချိုများတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားစာတွေကို သင့်တော်ရုံသာ ကျွေးသင့်ပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်းမှာ ကဖင်းဓါတ်များတဲ့ အစားအစာတွေကို စားသုံးခြင်းကို တတ်နိုင်သမျှ လျော့ချသင့်ပါတယ်။

Reff :

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …