Monday , May 27 2019
Home / သတင်း / Feature story ( သတင်းဆောင်းပါး) / အိမ်တွင်းငရဲခန်းလေးတွေ အများအပြားရှိနေပါသေးသည် (သတင်းဆောင်းပါး)

အိမ်တွင်းငရဲခန်းလေးတွေ အများအပြားရှိနေပါသေးသည် (သတင်းဆောင်းပါး)

မောင်ကောင်း (မြစ်မခ)

ဖေဖော်ဝါရီ ၂၅ ရက်။

“ရိုက်တယ်၊ မျက်ကွင်းတွေညိုတယ်၊ ဗိုက်တွေအကန်ခံရလို့ ဗိုက်အောင့်ပြီး ဆေးခန်းသွားပြရတာတွေရှိတယ်”

အဲဒီလိုပြောလာတဲ့ အမျိုးသမီးရဲ့ လက်မောင်းမှာတော့ အညိုအမဲစွဲတာတွေ၊ ကိုက်ခံထားရတဲ့ ဒဏ်ရာတွေ
အမာရွတ်တွေနဲ့ ပြည့်လို့နေပါတယ်။

အသက်(၃၀)အရွယ်ရှိနေပြီဖြစ်တဲ့ မအေးမော်(အမည်လွှဲ)ဟာ ၂၀၀၆ ခုနှစ်ကတည်းက ခင်ပွန်းဖြစ်သူနဲ့ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာဖြစ်ပေမယ့် လွန်ခဲ့တဲ့ လေးနှစ်လောက်ကစလို့ ခင်ပွန်းဖြစ်သူရဲ့ အကြမ်းဖက်မှုကို ခံနေရပါတယ်။

ခင်ပွန်းဖြစ်သူက အရက်သောက်လာတဲ့အချိန်တိုင်း သူမကိုအကြမ်းဖက်တဲ့အခါမှာ ရိုက်နှက်တာတွေ၊ လည်ပင်းညှစ်တာတွေ၊ ဗိုက်ကိုကန်တာတွေ ခဏခဏ ပြုလုပ်တာဖြစ်တယ်လို့ မအေးမော်က ဆိုပါတယ်။

မအေးမော်ဟာ လားရှိုးမြို့မဈေးမှာ မနက်ပိုင်းကုန်စိမ်းရောင်းချရင်း မိသားစုဝင်ငွေကို ရှာဖွေနေတဲ့သူဖြစ်ပြီး
အသက်(၉)နှစ်အရွယ်နဲ့ (၆)နှစ်အရွယ် သမီးမိန်းကလေးနှစ်ယောက်ရှိပါတယ်။

“အနှိပ်စက်ခံရလို့ ဈေးမထွက်နိုင်တဲ့ရက်တွေလည်းရှိတယ်၊ သူကတော့ တစ်ခါတစ်လေ လေးငါးဆယ်ရက်
လောက်မှ နှစ်သောင်းမျိုး သုံးသောင်းမျိုးဈေးဖိုးပေးတက်တယ်” လို့ မအေးမော်က ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါး ကိစ္စတွေ၊ အိမ်တွင်း စီးပွားရေးအဆင်မပြေတာတွေနဲ့ အမျိုးသားတွေရဲ့အိမ်ထောင်ဦးစီးဆိုတဲ့ တစ်ယူသန် စိတ်တွေကြောင့် အများအပြားရှိနေတာလို့ အိမ်တွင်းအကြမ်းဖှုတွေအတွက် ကူညီပေးနေသူတွေက ဆိုပါတယ်။

ဥပဒေပိုင်းဆိုင်ရာကူညီပေးဖူးတဲ့ Legal Aid Center ရဲ့ ၂၀၁၇-၂၀၁၈ အစီရင်ခံစာမှာတော့ သူတို့ကူညီပေးခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်နဲ့ နောင်ချိုမြို့နယ်ထဲက အမှုပေါင်း ၇၀ မှာတော့ အိမ်တွင်း အကြမ်းဖက်မှုက ၂၇ မှု အထိရှိနေခဲ့ပါတယ်။

Legal Aid Center ရဲ့ လားရှိုးတာဝန်ခံအဖြစ်လုပ်ကိုင်ခဲ့တဲ့ ကိုစိုးမင်းနိုင်ကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ မှာ အမျိုးသားတွေက မူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတွေကို အနိုင်ကျင့်တာသာမက အခုနောက်ပိုင်းမှာ လူမှုရေးဖောက်ပြန်တာတွေကြောင့်လည်း အိမ်တွင်းအကြမ်းဖက်မှုရှိလာတယ်လို့ဆိုပါတယ်။

“အမျိုးသမီးကိစ္စတွေရှုပ်ကြတယ် ရှုပ်ကြတော့ နောက်ပိုင်းအိမ်ကအမျိုးသမီးက သိသွားတဲ့အခါကြတော့ အဲလိုမျိုးမသွားဖို့ မလာဖို့တွေကို တားဆီးတယ်၊ ထိန်းချုပ်တယ် အဲကနေမှ ဖြစ်ကြတာတွေ ဒီလိုမျိုးဖြစ်စဉ်တွေ
များလာတယ်” လို့ ကိုစိုးမင်းနိုင်က ပြောပြပါတယ်။

Legal Aid Center ရဲ့ အစီရင်ခံစာမှာတော့ အကြမ်းဖက်ခံခဲ့ရတဲ့ မိသားစုဝင် (၄၀)ကို မေးခွန်းမေးမြန်းကြည့်တဲ့
အခါ အကုန်လုံးက အဲဒီလို အိမ်တွင်းမှာ ရိုက်နှက်တာတွေကို ပြစ်မှုမြောက်မှန်းမသိဘူးလို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဲဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေအတွက် အမျိုးသမီးတွေကိုသာမက အမျိုးသားတွေကိုပါ အသိပညာပေးဖို့ လိုအပ်နေတယ်ဆိုပြီးတော့လည်း အမျိုးသမီးအရေးဆောင်ရွက် နေသူတွေက ပြောဆိုနေကြပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ လားရှိုးတာဝန်ခံ ဒေါ်သန်းသန်းအေးကတော့ အဲဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ၁၀၀ ရာခိုင်နှုန်းထဲမှာမှ ၂ ရာခိုင်နှုန်းလောက်ကပဲ တိုင်းတန်းတာ၊ အကူအညီတောင်းတာတွေလုပ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ စီးပွားရေးအဆင်မပြေတဲ့မိသားစုဆိုရင် မဲစရာမရှိတော့ မိန်းမတင်မဟုတ်တော့ဘဲ သားသမီးတွေကိုပါ မဲကုန်ကြတာ။” လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ လားရှိုးတာဝန်ခံ ဒေါ်သန်းသန်းအေးကပြောပါတယ်။

အဲဒီလိုအကြမ်းဖက်မှုတွေရှိနေပေမဲ့ အမျိုးသမီးတွေသက်ဆိုင်ရာကို သွားရောက်မတိုင်းတန်းကြတာဟာ
အမျိုးသားဖြစ်သူက သိသွားရင် အရိုက်ခံရမှာကြောင့်ဖြစ်ပြီး အဓိကကတော့ ဥပဒေရဲ့ အကာအကွယ်
မရတာကြောင့် ဖြစ်တယ်လို့ ဒေါ်သန်းသန်းအေးက ဆိုပါတယ်။

“မတိုင်ကြတာတွေကများတယ်၊ တိုင်မယ်ဟေ့ဆိုလည်း မီးတောက်လို ကောက်ရိုးမီးလိုပဲ ၀ုန်းဆိုခဏပဲ တက်လာပြီး သူတို့အိမ်ထဲလဲရောက်ရော သူယောက်ျားမျက်နှာလည်းမြင်ရော ပျောက်သွားတဲ့လူမျိုးတွေလည်း အများကြီးပဲ”လို့ ဒေါ်သန်းသန်းအေးက ပြောပါတယ်။

ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်မှုကို တိုင်လို့ရမှန်းသိတဲ့ အမျိုးသမီးတွေရှိပေမဲ့လည်း ဘယ်နားမှာ ဘယ်လို
သွားတိုင်းရမှန်းမသိတဲ့သူတွေလည်း ရှိနေတယ်လို့ သူမက ဆက်လက်ပြောဆိုပါတယ်။

“တစ်ခြားနဲ့မတူတာက ရှမ်းပြည်ရဲ့အနေအထားက အမျိုးသမီးတွေဟာ တစ်ချိန်လုံး အိမ်ထဲမှာပဲရှိနေပြီး အပြင်ထွက်ပြီး သင်တန်းတွေတက်ဖို့ ဟောပြောပွဲတွေနားထောင်ဖို့ သူတို့မှာ လာနားထောင်
ရကောင်းမှန်းတောင်မသိတဲ့ မိသားစုတွေ အများကြီးရှိသေးတယ်။” လို့ဒေါ်သန်းသန်းအေးက ပြောပါတယ်။

ဒါကြောင့် အဲဒီလိုအမျိုးသမီးတွေအတွက် တစ်အိမ်တက်တစ်အိမ်ဆင်းပြီး အသိပညာပေးဖိုတောင် လိုအပ်နေတယ်လို့လည်း ဒေါ်သန်းသန်းအေးက ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့တော့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်-CEDAW ကို လက်မှတ်ရေးထားပါတယ်။

CEDAW ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဟာ အမျိုးသမီးတွေရဲ့အဆင့်အတန်းကို မြှင့်တင်ပေးဖို့
အတွက် ဥပဒေတွေ၊ မူဝါဒတွေကို ပြောင်းလဲတာ၊ အသစ်ရေးဆွဲဖို့အတွက် ခိုင်မာတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်တာ ကျား-မ တန်းတူမညီမျှမှုတွေကို ကိုင်တွယ်ဖြေရှင်းတာ စတာတွေကိုပြုလုပ်ဖို့ သဘောတူလက်ခံထား ကြပါတယ်။

အဲဒီလို အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍတွေမှာ တန်းတူအခွင့်အရေးပေးဖို့ တောင်းဆိုမှုတွေရှိနေတဲ့အချိန်မှာပဲ အိမ်တွင်းအကြမ်းဖက်မှုတွေက အများအပြား
ရှိနေတာဖြစ်တယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။

အဲဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို ဖြေရှင်းပေးတဲ့အခါမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာ
အုပ်ချုပ်ရေးမှူးတွေရဲ့ကဏ္ဍကလည်း အရေးကြီးနေပါသေးတယ်။

“အဓိကအုပ်ချုပ်ရေးကလည်း မိမိရပ်ကွက်မှာနေတဲ့ အမျိုးသမီးတွေကို တာဝန်လေးယူပြီး မျှမျှတတလေး
ဖြေရှင်းပေးစေချင်တယ်ပေါ့နော်၊ ရပ်ကွက်ရုံးတွေကအစ ဒါတာဝန်ရှိသူတွေပဲလေ” လို့ ဒေါ်သန်းသန်းအေးက
ဆိုပါတယ်။

ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်လို့ တရားရုံးတွေကို သွားတဲ့အခါမှာလည်း တရားရုံးဘက်က မျှမျှတတ
ဖြေရှင်ပေးဖို့ လိုအပ်တယ်လို့ ဒေါ်သန်းသန်းအေးက ပြောပါတယ်။

“ကျွန်မတို့ မြန်မာနိုင်ငံက တရားဝင်လက်မှတ်ထိုးထားတဲ့ CEDAW တရားရုံးကလူတွေ သိသလားတောင်
မသိဘူး။ အဲတော့တရားရုံးမှာရှိနေတဲ့ တရားသူကြီးတွေ သက်ဆိုင်ရာဝန်ထမ်းတွေအားလုံးကို CEDAW လို
မျိုးကို သိအောင် သင်တန်းတွေများများပေးပြီး များများခေါင်းထဲရိုက်သွင်းရမယ်လို့” ဒေါ်သန်းသန်းအေးက
ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်ပြီးဆိုရင်တော့ များသောအားဖြင့် ရပ်ကွက်လူကြီးတွေ၊ အုပ်ချုပ်ရေးမှူး
တွေကိုပဲ တိုင်ကြားလေ့ရှိပြီး ရဲစခန်းမှာ သွားရောက်အမှုဖွင့်တာကတော့ နည်းတယ်လို့ တရားလွှတ်တော်
ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ရဲစခန်းကို သွားပြီးအမှုဖွင့်မယ်ဆိုရင်တော့ ရဲစခန်းက အပြင်းအထန်နာကျင်စေတာလား၊ သာမန်နာကျင်
စေတာလားဆိုတဲ့ အကြောင်းအရာတွေပေါ်မူတည်ပြီး သက်ဆိုင်ရာပုဒ်မတွေတပ်ပြီး အမှုဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။

တကယ်လို့ အမျိုးသမီးဘက်က ကွာရှင်းချင်တယ်ဆိုရင်တော့ အရင်ဆုံး လူမှုဝန်ထမ်းဦးစီးဌာနကို ဆက်သွယ်အကူအညီတောင်းရမှာဖြစ်တယ်လို့ သူကအခုလိုပြောပါတယ်။

“ကိုယ်မပေါင်းချင်တော့ဘူးလို့ ယူဆမယ်ဆိုရင်တော့၊ ဆုံးဖြတ်တယ်ဆိုရင်တော့ ရဲစခန်းကိုအမှုဖွင့်ပေါ့။
ဖွင့်ပြီးရင် လူမှုဝန်ထမ်းဌာနကို သွားနေရမှာ၊ တစ်အိမ်ထဲနေရင်တော့ သူ့ပြန်သတ်ပစ်မှာပေါ့ ဘယ့်နှယ့်
လုပ်မှာလည်း။ လူမှုဝန်ထမ်းဌာနကို အကူအညီတောင်းပြီးတော့  ကျွန်မကိုယာယီခိုလှုံခွင့်ပေးပါ။
ကျွန်မအခြေအနေက အိမ်ပြန်လို့လည်းမဖြစ်ဘူး။ ပေါင်းလည်းမပေါင်းချင်တော့ဘူး ။ အဲလိုလူမှုဝန်ထမ်း
ဌာနကို အကူအညီတောင်းရင် သူတို့က ယာယီလက်ခံပေးတာရှိတယ်။” လို့ ဦးကြီးမြင့်က ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုကိုခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်နီးချင်းဖြစ်တဲ့ မဇာခြည် (အမည်လွှဲ) ကတော့ သူတို့အနေနဲ့ အဲဒီလို အကြမ်းဖက်မှုတွေဖြစ်တဲ့အခါ ကူညီချင်ပေမဲ့ အကြမ်းဖက်ခံရသူရဲ့ ယောက်ျားဖြစ်သူကို ကြောက်ရတာကြောင့် မကူညီပေးရဲဘူးလို့ဆိုလာပါတယ်။

“ဥပဒေကနောက်မှလာမှာလေ အရင်ဆုံးသေသွားမှာက ကျွန်မတို့ပဲ၊ သက်သေတွေဘာတွေလည်း
မလိုက်ရဲဘူး အရင်သေမှာက ကျွန်မတို့လေ”

 

Check Also

အရင်ကထက် ရှေ့ရောက်လာတဲ့ ရခိုင်ပြည်နယ်မှ အမျိုးသမီးဘ၀တွေ

ပန်လှအောင်(မြစ်မခ) လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရခိုင်ပြည်နယ်ကို တိုက်ခတ်သွားတဲ့ ဂီရိမုန်တိုင်းက ဝေးလွန်းခေါင်ဖျားတဲ့ ကျေးရွာ တွေမှာ နေထိုင်နေကြတဲ့ ရခိုင်အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနေပါပြီ။ …