Thursday , November 1 2018
Home / သတင်း / မှုခင်းသတင်း / ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အမျိုးသမီးအမှုတွင် သံသယတရားခံ (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အမျိုးသမီးအမှုတွင် သံသယတရားခံ (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

နိုင်နိုင်အောင်ဝေ (မြစ်မခ)

ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၇ ရက်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အသက်(၂၀)ဝန်းကျင်အမျိုးသမီးအမှုမှ သံသယရှိသူ တရားခံ(၂)ဦးကို ဒီဇင်ဘာ ၂၆ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက်စစ်ဆေးနေ ကြောင်း ကျိုင်းတုံမြို့ရဲစခန်းမှ သိရသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ နမ့်လပ်ရေအားလျှပ်စစ်စက်ရုံအနီး ကျိုင်းတုံ-လွယ်မွေသွားကားလမ်း မိုင်တိုင်အမှတ်(၈/၄)အနီးတွင် မီးလောင်ခံထားရသည့် အသက်(၂၀)ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းအား ဒီဇင်ဘာ ၂၂ ရက်၊ ည(၉း၃၀)နာရီခန့်ကတွေ့ရှိခဲ့ရသဖြင့် ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးခဲ့ရာမှ တရားခံ (၂)ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ မဧပြီလှ(ခ)အေဘီလှဖြစ်ကြောင်း သူ(မ)၏ရည်းစားဖြစ်သူ မောင်ယောရှည်၏ အတည်ပြုချက် အရ သိရှိရပြီး စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ကာ သူမသွားလာတတ်သည့်နေရာများကို လိုက်လံစုံစမ်း ရာမှ မြို့သစ်ရပ်၊ ချယ်ရီလမ်းနေ အသက်(၄၀)အရွယ် စိုးလွင်ကို စတင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

“သေဆုံးသူဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ရည်းစားဖြစ်သူ ယောရှည်ပိုင်ဆိုင်တဲ့ ဆိုင်ကယ်ကိုငှားပြီးတော့ ရပ်ကွက် (၄)ပေါက်တိုက်ရပ်က စိုးလွင်(တရားခံ)ရဲ့ဇနီးဖြစ်သူ ဆရာမ ဒေါ်နန်းနွမ်းဘွိုင်းနေအိမ်ကို သူငယ်ချင်း မနာရှီးနဲ့ ငါးကင်သွားပို့တယ်လို့ သတင်းသိရတာနဲ့ စိုးလွင်ကို မသင်္ကာဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်၊ ည(၇)နာရီခန့်မှာ အမှတ်(၁)ရပ်ကွက်၊ ကောက်ကော့ရပ်က ရေရောင်းတဲ့ နေရာမှာတွေ့ရှိပြီး ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့ရာမှာ အခုလိုမျိုး အမှုပေါ်သွားခဲ့တာဖြစ်ပါတယ်။ စနစ်တကျပြင်ဆင်ပြီး စီမံအကွက်ချကာ ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။”ဟု ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေက ပြောသည်။

အမှုတွင် ပူးပေါင်းပါဝင်သူ ဟွေခါးကျေးရွာနေ အသက်(၃၀)အရွယ် စိုင်းရှဲန်(ခ)အိုက်ပီးမှာ သာစည်မြို့သို့ တိမ်း ရှောင်သွားကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆက်သွယ်ဆောင်ရွက်ခဲ့ရာ စိုင်းရှဲန်(ခ)အိုက်ပီးကို သာစည်မြို့မ ရဲစခန်းက ဒီဇင်ဘာ ၂၆ ရက်မှာပင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုလည်း သွားရောက်ခေါ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူး အောင်မြင့်ထွန်းထံမှ သိရသည်။

“စိုးလွင်ကိုစစ်ဆေးရာမှာ အခင်းဖြစ်ပွားတဲ့နေ့ ညနေ(၅)နာရီခွဲလောက်မှာ ရပ်ကွက်(၄)၊ ပေါက်တိုက်ရပ်၊ အိမ်အ မှတ်(၁၄၁)ရှိ ဇနီးဖြစ်သူငှားရမ်းနေထိုင်တဲ့အိမ်မှာ သူငယ်ချင်းဖြစ်သူ စိုင်းရှဲန်(ခ)အိုက်ပီးနဲ့ အတူရှိနေစဉ် သေ ဆုံးသူက ဟွန်ဒါဝေ့ဆိုင်ကယ်နဲ့ မှာထားတဲ့ငါးကင် လာပို့ပေးပါတယ်။ ငါးကင်လာပေးစဉ်မှာ စိုင်းရှဲန်ကို အခြား အိမ်ခန်းတွင်းပုန်းခိုင်းထားပြီး သေဆုံးသူ မဧပြီလှ ပြန်မယ်လုပ်စဉ်မှာ အခန်းအတွင်းကိုဆွဲခေါ်ရာမှာ ရုန်းကန်ပြီး အော်ဟစ်တာကြောင့် လည်ပင်းကိုညှစ်ပြီး ဦးခေါင်းကို အုတ်နံရံနဲ့ (၃)ကြိမ်ခန့်ညှပ်ရိုက်ခဲ့တာ။ မဧပြီလှ မှောက် လျက်ကြမ်းပြင်ပေါ်လဲကျသွားခဲ့စဉ်မှာ ရုန်းကန်နေသေးတာကြောင့် လည်ပင်းကို ခြေထောက်နဲ့တက်နင်းထား စဉ် စိုင်းရှဲန်အခန်းတွင်းဝင်လာပြီး ဝိုင်းဝန်း၍တက်နင်းပေးခဲ့ရာ ခဏအကြာမှာ မဧပြီလှမှာ ငြိမ်သက်ပြီးသေဆုံး သွားခဲ့တယ်လို့ စစ်မေးချက်အရသိရပါတယ်။”ဟု ဒုရဲမှူး အောင်မြင့်ထွန်းက ပြောသည်။

စိုးလွင်သည် သေဆုံးသူ၏ ဆိုင်ကယ်ကိုမောင်းကာ သေဆုံးသူကိုအလယ်တွင်ထား၍ အနောက်မှ စိုင်းရှဲန်လိုက် ပါပြီး ည(၇)နာရီခန့်တွင် ကျိုင်းတုံ-လွယ်မွေကားလမ်းအတိုင်းသယ်ဆောင်ကာ နမ့်လပ်ရေအားလျှပ်စစ်အကျော် လမ်းဘေးတောစပ်တွင် ပစ်ချ၍ အသင့်ပါလာသည့် ဓါတ်ဆီဘူးဖြင့်လောင်း၍ မီးရှို့ထားခဲ့ကာ အခင်းဖြစ်သည့်  နေအိမ်သို့ ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်တွင် နှစ်ယောက်အတူ ဘီယာသောက်ကာ သေဆုံးသူစီးနင်းလာသည့်ဆိုင်ကယ်ကို စိုးလွင်ကစီးပြီး စိုင်း ရှဲန်က အခြားဆိုင်ကယ်တစ်စီးကိုစီးကာ ရပ်ကွက်(၃)မြိုသစ်ရပ်နေတစ်ဦးထံသွားရောက်၍ သေဆုံးသူစီးနင်းလာ သည့် ဆိုင်ကယ်အား (၁၀)သိန်းကျပ်ဖြင့်ပေါင်နှံခဲ့ကြောင်း စိုးလွင်ကို စစ်ဆေးချက်များအရ သိရသည်။

အမှုနှင့်ပတ်သက်၍ လူမှုရေးကိစ္စကြောင့် သတ်ခဲ့သည်ဟု စိုးလွင်က ထွက်ဆိုခဲ့သော်လည်း မည်သည့်အ ကြောင်းကြောင့်သတ်ခဲ့သည်ကို အတိအကျမသိရှိရသေးဘဲ ဆက်လက်စစ်ဆေးနေဆဲဖြစ်ကာ အချက်အလက် အပြည့်အစုံသိရှိရပါက ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရားခံနှစ်ဦးကို (ပ)၂၃၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ကျိုင်းတုံမြို့မ ရဲစခန်းတွင် အမှုဖွင့် ထားပြီး စိုးလွင်က တရားရုံးတော်တွင် ၎င်း၏ ဆန္ဒအလျောက် ဖြောင့်ချက်ပေးလိုကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် လျှောက်ထားခြင်းကို တရားရုံးက ရာဇဝတ်သေးအမှုအမှတ်(၁၂၂/၂၀၁၇)ဖြင့် လက်ခံ ကြားနာခဲ့ကြောင်း သိရသည်။

Check Also

ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၅၅၅)မှု ဖြစ်ပွားခဲ့ရာ (၁၁၆)ဦး သေဆုံး

  ကျော်မျိုးထွဋ်(မြစ်မခ) ကညွတ်ကွင်း၊ ဇန်ဝါရီ ၂ ရက်။ ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာ(၃၁)ရက်ထိ ယာဉ်မတော်တ ဆမှုစုစုပေါင်း …