Thursday , November 1 2018
Home / FNews / မွန်ပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှုများ ကမ်းလှမ်းလာသော်လည်း မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင်ခွင့်မပြုသေး

မွန်ပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှုများ ကမ်းလှမ်းလာသော်လည်း မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင်ခွင့်မပြုသေး

ချိုမာအောင် (မြစ်မခ)

မော်လမြိုင်၊ စက်တင်ဘာ(၁၄)ရက်။

မွန်ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များမှ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လာရောက်တွေ့ဆုံမှုများရှိခဲ့သော်လည်း ယနေ့အချိန်အထိ မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင်ခွင့် မပြုသေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဌာနထံမှ သိရှိရသည်။

“ကျွန်တော်တို့အစိုးရအဖွဲ့ကို လာတွေ့တဲ့အဖွဲ့အစည်းတွေက အမျိုးမျိုးသော ခေါင်းစဉ်တွေနဲ့လာတယ်။ နိုင်ငံတ ကာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး လာတွေ့တာရှိသလို တခြားကိစ္စနဲ့လည်းလာတွေ့တယ်။ ဒီနေ့ဒီချိန်အထိ တော့ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီး ခွင့်ပြုတာမရှိသေးဘူး။”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးကပြောသည်။

အစိုးရသစ် စတက်သည့် ဧပြီလမှ စက်တင်ဘာလအတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တွေ့ဆုံသည့် အဖွဲ့အစည်းပေါင်း(၁၀၀)ကျော်ထိရှိခဲ့ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှုအဖွဲ့များသာမက အကူအညီပေးရေးအ ဖွဲ့များ၊ ထောက်ပံ့ရေးအဖွဲ့များ၊ နိုင်ငံတကာချေးငွေပေးရေးအဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့များလည်း လာရောက်တွေ့ဆုံမှုများရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်သို့ ဝင်ရောက်လာသည့် ကြီးမားသောရင်းနှီးမြုပ်နှံမှုများအား မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ် ချက်တစ်ခုတည်းဖြင့် ဆုံးဖြတ်မည်မဟုတ်သည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်ထောင်စု အစိုးရထံ တင်ပြ၍ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)၏ ခွင့်ပြုချက်ရရှိမှ သာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်နယ်အဆင့်အနေဖြင့် ရင်းနှီးမြုပ်နှံမှုများကို ခွင့်ပြုသည့်မူဘောင် ရေးဆွဲလျှက်ရှိပြီး ရေးဆွဲပြီး  ပါက မွန်ပြည်နယ်စီမံကိန်းနှင့် စီပွားရေးကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ကာ ပြည်နယ်အတွက် အကျိုးရှိမည့်  ရင်းနှီးမြုပ်နှံများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဘယ်သူတွေလာတွေ့တယ်ဆိုတာတင်တယ်။ ဘာတွေဆွေးနွေး လဲဆိုတာ  ပြည်သူကိုချပြတာမရှိဘူး။ အစိုးရအနေနဲ့ ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုတွေလာရင် ပြည်သူကိုချပြ ပါ။ ပြည်သူတွေရဲ့အကြံပြုချက်ကိုနားထောင်ပါ။ ဒါမှသာ ပြည်နယ်အတွက်အကျိုးရှိတဲ့စီမံကိန်းတွေ လုပ်ဆောင် တဲ့နေရာမှာ ပြည်သူတွေနဲ့အဆင်ပြေမှာဖြစ်တယ်။ ပြည်နယ်အစိုးရကိုပြောချင်တာက ပြည်သူတွေအတွက် လုပ် ပေးသင့်တာလုပ်ပေးပါ၊ လုပ်ပေးတဲ့နေရာမှာမမှားရအောင် စုပေါင်းဆုံးဖြတ်ကြမယ်”ဟု မွန်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်းဥက္ကဌ ဦးလှရှိန်ကပြောသည်။

မွန်ပြည်နယ်အနေဖြင့် ကြီးမားသည့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သူများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို ပေးနိုင်စွမ်းမရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိသော လျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင်စနစ်ဖြင့်ထုတ်လုပ်ရန်လိုအပ်မည့်အချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

“ရင်းနှီးမြုပ်နှံမှုတွေ ကျွန်တော်တို့ပြည်နယ်ကိုဝင်ရောက်လာတာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် အခုလက်ရှိ ကျွန်တော်တို့မွန်ပြည်နယ်မှာရင်ဆိုင်နေရတဲ့ MCL ဘိလပ်မြေစက်ရုံကနေလိုအပ်တဲ့လျှပ်စစ်ကို ကျောက်မီးသွေး ကယူမယ်။ ဒီကိစ္စ အခုပြဿနာဖြစ်နေတယ်။ နောက်ထပ်ရင်းနှီးမြုပ်နှံလိုသူတွေကို ဒီလိုမျိုးမဖြစ်အောင် နမူနာ ယူသင့်ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့လည်း ဘယ်ရင်းနှီးမြုပ်နှံမှုပဲလာလာ လုပ်ခွင့်ပြုမယ်ဆိုရင် လျှပ်စစ်ဘယ် ကရယူမလဲဆိုတာကိုအရင်စူးစမ်းလေ့လာပြီးမှ ပတ်ဝန်းကျင်ထိခိုက်မှု မရှိတဲ့ လျှပ်စစ်ရယူနည်းပါမှသာ လုပ်ငန်း ကို ခွင့်ပြုသင့်ပါတယ်။”ဟု မွန်ပြည်နယ်ဒေသခံ ဦးတင်သန်းက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တွေ့ဆုံသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများမှာ လမ်းပန်းဆက် သွယ်ရေးအခြေအနေ၊ စက်မှုဇုန်တည်ရှိသည့်အခြေအနေနှင့် ရေလမ်းကြောင်းအခြေအနေ၊ မွန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအအခြေအနေများတွင် ရင်းနှီးမြုပ်နှံလိုကြပြီး ဂျာမဏီ၊ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်စသည့် နိုင်ငံများက မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက် တွေ့ဆုံကြကြောင်း သိရသည်။

(ဓာတ်ပုံ –  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး Facebook page)

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …