Thursday , November 1 2018
Home / FNews / ကျောက်ဖြူဒေသမှ ပြည်ပသို့ ကဏန်းပျော့ ထုတ်လုပ်တင်ပို့မှု ထက်ဝက်ခန့်ထိ ကျဆင်းလာ

ကျောက်ဖြူဒေသမှ ပြည်ပသို့ ကဏန်းပျော့ ထုတ်လုပ်တင်ပို့မှု ထက်ဝက်ခန့်ထိ ကျဆင်းလာ

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ စက်တင်ဘာ(၂)ရက်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သဘာဝမြစ်ချောင်းများမှ ကဏန်းကုန်ကြမ်းဖမ်းဆီးရရှိမှု ကျဆင်းလာသဖြင့် ပြည်ပ တရုတ်အိတ်စ်ပို့(စ်)ကဏန်းပျော့ ထုတ်လုပ်တင်ပို့မှုမှာလည်း ၂၀၁၅ ခုနှစ်ထက် ထက်ဝက်ခန့် ကျဆင်းလာကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တစ်လလျှင် ပျမ်းမျှအားဖြင့် (၁၀)တန်မှ (၁၂)တန်ဝန်းကျင်တင်ပို့မှု ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်မတ်လနှင့် ဧပြီလပိုင်းမှ စတင်ပြီး (၆)တန်မှ (၈)တန်ဝန်းကျင်ထိသာ တင်ပို့နိုင်ခဲ့ကြောင်း  ကုန်ကြမ်းရရှိမှု ကျဆင်းလာမှု၊ ဈေးနှုန်းမြင့်တက်လာမှုနှင့် ပြည်ပဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းလာမှု တို့ကြောင့် တင်ပို့မှုကျဆင်းလာရခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ကုန်ကြမ်း ရှားပါးမှု ဖမ်းဆီးသူနည်းပါးလာမှုနဲ့ ကုန်ကြမ်းဈေးနှုန်းမြင့်တက်လာပြီး ရာသီဥတု ဆိုးရွာ ဖောက်ပြန်လာတာနဲ့လည်း ဖမ်းဆီးရရှိမှု ကျဆင်းလာတာပေါ့။ ကျွန်တော်တို့အနေနဲ့လည်း ဒီလို အခြေအနေမှာ ၀ယ်မမွေးနိုင်တဲ့ အပိုင်းလည်း ရှိတာပေါ့။”ဟု ကျောက်ဖြူမြို့နယ်၊ ငွေငါးကျွန်း ကဏန်းပျော့ မွေးမြူ ထုတ်လုပ်တင်ပို့မှု ကုမ္ပဏီမှ ထုတ်လုပ်မှု မန်နေဂျာ ကိုအောင်နိုင်လင်းက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း ကဏန်းပျော့ထုတ်လုပ်တင်ပို့နေသည့် ငွေငါးကျွန်းမွေးမြူထုတ်လုပ်တင်ပို့မှု ကုမ္ပ ဏီနှင့် ရွှေရောင်အရှေ့တိုင်း စက်ရုံ(၂)ခုရှိပြီး ကဏန်းပျော့ ပို့ကုန်များအား  ရန်ကုန်တင်ပို့သည့်ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ထို့ပြင်ကုန်ကြမ်းဈေးနှုန်းမှာလည်း ၂၀၁၅ ခုနှစ်အတွင်းက ရောင်းတန်းဝင် တစ်ကောင်လျှင်(၁၈၀၀)ကျပ် ရှိခဲ့ရာ မှ ယခုနှစ်မတ်လတွင်းမှ စတင်ပြီး (၂၀၀၀)မှ (၂၅၀၀)ကျပ်ထိ ဈေးမြင့်တက်သွားကြောင်း သိရသည်။

“ကဏန်းဖမ်းဆီးမှုက တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာတယ်။ မြစ်ချောင်းတွေမှာတစ်နေကုန်သွားရှာလို့ (၁၀) ကောင်၊ အကောင်(၂၀)ရရှိတတ်ပေမယ့် ရောင်းတန်းဝင်တာတစ်လုံးနှစ်လုံးတောင် မပါဘူး။ ဒီလိုအခြေအနေမှာ ကဏန်းဖမ်းလာကြတဲ့သူတွေ သုံးပုံနှစ်ပုံ လောက်ထိ အနွယ်တူ ငါးဖမ်း၊ ကွန်ပစ်လုပ်ငန်းကို ပြောင်းရွှေ့လုပ် ကိုင်သွားကြတယ်။”ဟု ကျောက်ဖြူမြို့နယ် င/လပွေ့ကျေးရွာမှ ကဏန်းဖမ်းဆီးသူ ဦးရွှေသာက ပြောသည်။

ကုန်ကြမ်းကဏန်းမာမှ ကဏန်းပျော့ဖြစ် ပြောင်းလဲရန်  အနည်းဆုံး ရက်ပေါင်း(၄၅)ရက်မှ ရက်ပေါင်း (၅၀)၀န်း ကျင်ထိ မွေးမြူရပြီး ပြည်ပဈေးကွက်များ၌ တစ်ကီလိုလျှင် (၉)ဒေါ်လာမှ(၁၀)ဒေါ်လာ ဈေးနှုန်းများဖြင့် တင်ပို့ နေခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်းက (၁၂)ဒေါ်လာနှင့် (၁၃)ဒေါ်လာထိ ဈေးမြင့်တက်ခဲ့ကြောင်း ငွေငါးကျွန်း  ထုတ်လုပ်တင်ပို့မှု ကုမ္ပဏီမှ သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …