Thursday , November 1 2018
Home / FNews / မြန်မာနိုင်ငံတွင်ပထမဆုံး အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံ ရန်ကုန်တွင် ဖွင့်လှစ်

မြန်မာနိုင်ငံတွင်ပထမဆုံး အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံ ရန်ကုန်တွင် ဖွင့်လှစ်

ပိုင်ထက် (မြစ်မခ)

ရန်ကုန်၊ ဧပြီ (၇)ရက်။

မြန်မာနိုင်ငံတွင် ပထမဆုံး အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံကို ဧပြီ ၇ ရက်က ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ်၊ လှော်ကားလမ်းအနီးတွင် ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

“ဂျပန်နိုင်ငံက အကူအညီနဲ့ ဆောက်တာပါ။ ရန်ကုန်မှာ ပထမဆုံးဖွင့်တာပါ။ အမှိုက်စနစ်တွေကို စနစ်တကျ အသုံးချဖို့လုပ်တာပါ။ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပါဘူး။”ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖွင့်ပွဲတွင်ပြောသည်။

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်နိုင်မည့် အခြားစက်ရုံ(၂)ခုကိုလည်း ရန်ကုန်တိုင်းအတွင်း ထပ်မံတည်ဆောက်သွား ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ စက်ရုံကို ဂျပန်နိုင်ငံအစိုးရနှင့်ပူးပေါင်းကာ ကာဗွန်လျှော့ချရေးအစီအစဉ်ဖြင့် ၂၀၁၆ ခုနှစ်မှ စတင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ(၈)သန်းကူညီထောက်ပံ့ပေးခဲ့ကာ အမေရိကန်ဒေါ်လာ(၁၆)သန်းအကုန်ကျခံ၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

စက်ရုံမှ ရန်ကုန်မြို့အတွင်းထွက်ရှိသည့် အမှိုက်တန်ချိန်(၆၀)ကို မီးရှို့၍ လျှပ်စစ်ဓာတ်အား (၇၀၀) ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကာ (၃၀၀)ကီလိုဝပ်ကို စက်ရုံအတွက်ပြန်လည်အသုံးချပြီး ကျန်ကီလိုဝပ်(၄၀၀)ကို ဖြန့်ဖြူး ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီမှုတွေအများကြီးလုပ်သွားမယ်။ အမှိုက်ကတဆင့် စွမ်းအင်လျှပ်စစ်ထုတ် ဖို့လုပ်တာပါ။ ရန်ကုန်မြို့မှာ အခုဆောက်လုပ်တဲ့စက်ရုံက စံပြစက်ရုံဖြစ်ဖို့လိုတယ်လို့ပြောချင်ပါတယ်။”ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr .Tateshi Higuchi က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ အမှိုက်ပမာဏ နေ့စဉ်တန်ချိန် အနည်းဆုံး(၂၃၀၀)ခန့်သိမ်းဆည်းရရှိနေကြောင်း သိရသည်။

 

 

 

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …