Thursday , November 1 2018
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ / တိုင်းဧရာ မော်လမြိုင်ကျွန်းမြို့နယ်တွင် စပါးရိတ် သိမ်းစက်လုံလောက်စွာငှားရမ်း မရမှုကြောင့် မိုးစပါးရိတ်သိမ်းရန် ကြန့်ကြာနေ

တိုင်းဧရာ မော်လမြိုင်ကျွန်းမြို့နယ်တွင် စပါးရိတ် သိမ်းစက်လုံလောက်စွာငှားရမ်း မရမှုကြောင့် မိုးစပါးရိတ်သိမ်းရန် ကြန့်ကြာနေ

 

ကျော်ထက်လင်း (မြစ်မခ)

မော်လမြိုင်ကျွန်း၊ ဒီဇင်ဘာ ၅ ရက်။

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ဒီဇင်ဘာလ ပထမပတ်အထိ စပါးရိတ် သိမ်းစက်လုံလောက်စွာ ငှားရမ်း မရမှုကြောင့် မိုးစပါးရိတ်သိမ်းရန်ကြန့်ကြာမှုများဖြစ်ပေါ်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရသည်။

”ကိုယ့်ဒေသမှာရှိတဲ့စက်နဲ့ ရိတ်ရမယ့် ရွာတွေနဲ့က မမျှဖြစ်နေတာပါ။ရိတ်ချင်နေတာတော့ မပြောပြတတ်အောင် ပါပဲ။ လုံးဝကို မရိတ်ရသေးတာ။ ကိုယ်ငှားထားတဲ့စက်က လာမယ်ပြောလိုက် မလာလိုက်နဲ့ဆိုတော့ ဘာမှကို လုပ်မရဘူး။ ဒီဇင်ဘာလအတွင်း မရိတ်ဖြစ်ရင်တော့ စပါးတွေ ကျွမ်းကုန်မယ်။ နောက်အထွက်နှုန်း လျော့မယ်။ နွေစပါးစိုက်ချိန် နောက်ကျမယ်။ ဒါတွေက နောက်ဆက်တွဲ ထပ်ကြုံရဖို့ပဲရှိတယ်။ လူကငှားမရ စက်ကငှားမရ ဒုက္ခရောက်ဖို့ပဲ ရှိတယ်။ တစ်နှစ်နဲ့ တစ်နှစ် ပိုဆိုးတဲ့အထဲမှာ အခုနှစ်က အဆိုးဆုံးအခက်အခဲဖြစ်တာပါ။”ဟု သရက်ချောင်းကျေးရွာမှ တောင်သူ ဦးကံမြင့်က ပြောသည်။

လက်ရှိ အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း၌ လယ်ယာလုပ်သားရှားပါးလာမှုကြောင့် အများစုမှာ စက် များကိုသာ အဓိကအားထားလာရပြီး စက်လုံလောက်စွာ မရရှိမှုကြောင့် ကျေးရွာအချို့တွင် စပါးများအမှည့်လွန် ခြင်း၊ အပင်အနှံများ ကျိုးကျခြင်း၊ လဲကျခြင်းနှင့် အလေးချိန်လျော့နည်းခြင်းစသည့် အခက်အခဲများဖြစ်နေ ကြောင်း သိရသည်။

”အစ်ကိုတို့ကတော့ လှည့်လုပ်ပေးနေတာပဲ။အလုပ်က နိုဝင်ဘာလမတိုင်မီကတည်းက လုပ်နေရတာပါ။ တစ် ရက်မှ နားရက်မရှိပါဘူး။ဒါပေမယ့် ရိတ်သိမ်းရမယ့် အင်းအားနဲ့ ရိတ်သိမ်းစက်နဲ့ ညီမျှမှု မရှိတဲ့အခြေအနေ ဖြစ် နေတာပါ။ အငှားလိုက်သူကလည်း ပိုလိုက် ပိုရချင်တာပေါ့။ လှည့်လုပ်ပေးနေရတော့ အချိန်ကြန့်ကြာမှုတွေ တော့ ရှိတာပေါ့။ ရက်ရှည်စောင့်ရတော့လည်း စပါးဆိုတာက ပျက်စီးတတ်တယ်။ ကိုယ်ပိုင်ရှိသူတွေက ကိုယ့် လယ်ကိုယ်ရိတ်ပြီး အငှားမလိုက်ကြဘူး။ ကိုယ်ပိုင်မရှိသူတွေကတော့ ငှားလုပ်ရတော့ အခုလို အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ အမှန်တော့ အစိုးရတာဝန်ရှိ အဖွဲ့အစည်းတွေဘက်ကနေ ရောင်းချတာတို့ ငှားတာကို လုပ်ပေး သင့်တယ်လို့ထင်တယ်။ ဒီနည်းနဲ့မှ ဒီကိစ္စကို ဖြေရှင်းနိုင်တော့မှာပါ။”ဟု စပါးရိတ်ခြွေစက်အငှားလိုက်သူ ဦးရဲမင်းက ပြောသည်။

မိုးစပါးရိတ်သိမ်းရန် သရက်ချောင်း၊ မစိုးရိမ်၊ ဘုရားကြီး၊ အုန်ပင်းစု၊ ဝဲဒေါင့်၊ တံခွန်တိုင်၊ ကျုံဝါး၊ မက်ဘေး၊ ငါးဓံ  တစ်ရာ၊ ကျိုက်ပိစသည့်ကျေးရွာများတွင် အများဆုံး ကျန်ရှိနေပြီး တစ်ဧကလျှင် ငှားရမ်းရိတ်သိမ်းခကျပ်  (၃၅၀၀၀)မှ (၄၀၀၀၀)ဖြင့် ငှားရမ်းရိတ်သိမ်းနေကြရကြောင်း သိရသည်။

Check Also

သထုံမြို့နယ်အတွင်း ခြံရှင်များထံမှ ရာဘာစေးဝယ်ယူ၍ ရာဘာအသန့်များထုတ်လုပ်မည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ စက်တင်ဘာ ၁၉ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဈေးကွက်ဝင်အရည်အသွေးကောင်းမွန်သည့်ရာဘာများ ထုတ်လုပ်နိုင်ရန် အောက်တိုဘာလမှစတင်ကာ ရာဘာအရည်များ(အစေး) ဝယ်ယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ် …