Thursday , November 1 2018
Home / FNews / ဂျင်းဘောင်းဘီအကွဲဝတ်သူတွေသာ နားလည်နိုင်မယ့် ဒုက္ခတွေ

ဂျင်းဘောင်းဘီအကွဲဝတ်သူတွေသာ နားလည်နိုင်မယ့် ဒုက္ခတွေ

 

၁၈၇၀ ပြည့်နှစ်တွေထဲမှာ Loeb Strauss လို့ခေါ်တဲ့ ဂျာမန်လူမျိုး စီးပွားရေးသမားတစ်ယောက်ဟာ ပထမဆုံး ဂျင်းဘောင်းဘီကို စတင်ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အလုပ်ကြမ်းလုပ်တဲ့ အလုပ်သမားတွေ ၀တ်နိုင်ဖို့အတွက် ၀ါဂွမ်းချည်တွေကို လိမ်ခေါက်ပြီး ကျစ်လစ်မာကျောတဲ့ ဘောင်းဘီတွေကို ထုတ်လုပ်ဖို့ပါ။ သူဟာ အလုပ်လုပ်တဲ့နေရာထိုင်ခင်းနဲ့ ပိုပြီး အံဝင်ခွင်ကျဖြစ်စေနိုင်ဖို့အတွက် ဂျင်းဘောင်းဘီတွေကို အင်ဒီဂိုလို့ခေါ်တဲ့ အိန္ဒိယမျိုးရင်း အပင်တစ်ပင်ကနေ ဆိုးဆေးကို ထုတ်ယူပြီး ဂျင်းဘောင်းဘီတွေကို နက်ပြာရောင် ဆေးဆိုးခဲ့ပါတယ်။ အဲဒီကနေစပြီး လူတွေဟာ ဂျင်းဘောင်းဘီတွေ ပုံစံဒီဇိုင်းအမျိုးမျိုးချုပ်လုပ်ပြီး ခုံခုံမင်မင် ၀တ်ဆင်ခဲ့ကြပါတယ်။ အခုအခါမှာတော့ခေတ်ရေစီးကြောင်း ပြောင်းလာတာနဲ့အမျှ ဂျင်းဘောင်းဘီတွေကို ရိုးရိုးတန်းတန်း မ၀တ်တော့ဘဲ အပြဲရာ၊ ပေါက်ရာတွေဖြစ်အောင်လုပ်ပြီးမှ ၀တ်ဆင်လာကြပါတယ်။

ဂျင်းဘောင်းဘီအကွဲတွေကို အရင်ကတော့ ယောက်ျားလေးတွေသာ ၀တ်ဆင်ခဲ့ပေမယ့် အခုအခါမှာတော့ မိန်းကလေးတွေပါ နှစ်နှစ်သက်သက်နဲ့ ၀တ်ဆင်လာကြတာကိုလည်း တွေ့နိုင်မှာပါ။ အရင်ကတော့ လူဆိုးလူပေတွေဟာ လူမှုအသိုင်းအ၀ိုင်းကို ဆန္ဒပြတဲ့အနေနဲ့ ဂျင်းဘောင်းဘီအကောင်းတွေကို အပြဲတွေဖြစ်အောင် တမင်တကာဖြဲပြီး ၀တ်ခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အပြဲဝတ်တာကိုက ဖက်ရှင်တစ်ခု ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီလို ဘောင်းဘီအကွဲဝတ်ဆင်ကြသူတွေမှာ ကိုယ့်ဒုက္ခနဲ့ကိုယ် ရှိကြပါတယ်။

ပထမဦးဆုံး ဘောင်းဘီအကွဲဝတ်ရင် ရင်ဆိုင်ရမှာကို ကိုယ့်ရဲ့ မိသားစုနဲ့ပါ။ လူငယ်တွေက ဘောင်းဘီအကွဲကို ဘယ်လိုပဲ ဖက်ရှင်ရေစီးကြောင်းလို့ မြင်မြင် လူကြီးတွေအတွက်ကတော့ ဒါဟာ သက်သက် ဖျတ်စီးနေတာ ငွေအကုန်ခံနေတာပါပဲ။ ဒါကြောင့် ဒီလို ဘောင်းဘီအကွဲတွေဝတ်ဖို့ ပထမဆုံးကိုယ့်ရဲ့အိမ်ကို အရင်ဆုံး ဆန့်ကျင်ရပါတယ်။ အိမ်မပိုင်လို့ကတော့ အိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းရမယ့်ကိန်းပါ။ နောက်တစ်ခုက ကိုယ်နဲ့တကယ့်ကို fit ဖြစ်နေတဲ့ အကွဲရာလေးတွေပါတဲ့ ဘောင်းဘီလေးကို ၀ယ်ဝတ်လိုက်တယ်ဆိုဦးတော့ အချိန်တစ်ခုကြာလာတဲ့အခါ အဲဒီအကွဲသေးသေးလေးကနေ တစ်တောင်လောက်ရှိတဲ့ ဖရိုဖရဲ အပြဲရာကြီး ဖြစ်သွားတတ်ပါတယ်။ ပုံမှန်ဂျင်းဘောင်းဘီတွေကို နှစ်နဲ့ချီပြီး ၀တ်လို့ရနေတဲ့အတွက် လူကြီးတွေက ပိုက်ဆံဖြုန်းတယ်လို့ ပြောတာလဲ မှားပါဘူး။

မနက်စောစော ဘောင်းဘီဝတ်တဲ့အခါ ဘောင်းဘီအကွဲထဲကို ခြေချောင်း မညှပ်ဘဲနဲ့ကို ဘောင်းဘီဝတ်လို့မရလောက်အောင် ဘောင်းဘီအကွဲဝတ်တိုင်း အကွဲထဲကို ခြေချောင်းဝင်တတ်တာကတော့ ဘောင်းဘီအကွဲဝတ်တဲ့သူတွေအသားကျတဲ့ နေ့စဉ်ဒုက္ခတစ်ခုလို ဖြစ်နေပါပြီ။ ဂျင်းဘောင်းဘီဝတ်ထားတယ်ဆိုပြီး နေပူထဲမှာ လျှောက်သွားတဲ့အတွက် အကွဲရာတွေကနေထွက်နေတဲ့ အသားတွေကို နေလောင်တတ်တာကြောင့် နေပူထဲမှာ ဂျင်းဘောင်းဘီအကွဲတွေမ၀တ်ဖို့လည်း အကြံပေးထားကြပါတယ်။

ဂျင်းအကွဲတွေဝတ်ရင် ကြုံတွေ့ရမယ့် နောက်ထပ် တစ်ချက်ကတော့ အကွဲရာကနေ အသားတွေထွက်ပြီး အရေပြားပေါ်မှာ အစင်းကြောင်းတွေ တံဆိပ်ရိုက်ပြီးသား ဖြစ်သွားတာပါပဲ။ ဂျင်းဘောင်းဘီအကွဲတွေကို ပုံမှန်ဝတ်တဲ့သူတွေအတွက်တော့ ပုံမှန်ဂျင်းဘောင်းဘီတွေကို ၀တ်ရတာ လုံးဝကို အထူးအဆန်းကြီး ပြန်ဖြစ်သွားပါလိမ့်မယ်။ ချော်လဲတဲ့အခါမျိုးတွေမှာလည်း ရိုးရိုး ဂျင်းဘောင်းဘီနဲ့ဆို ပွန်းပဲရာတွေ မရှိနိုင်ပေမယ့် ဘောင်းဘီအကွဲနဲ့ဆိုရင်တော့ ဒူးပြဲတာတွေ ပွန်းပဲ့တာတွေဖြစ်နိုင်ပါတယ်။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …