Thursday , November 1 2018
Home / FNews / ရှမ်းပြည်မြောက်ပိုင်းက ကမ္ဘာကျော်ဂုတ်ထိပ်တံတား

ရှမ်းပြည်မြောက်ပိုင်းက ကမ္ဘာကျော်ဂုတ်ထိပ်တံတား

မြစ်မခ

မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသည်တွေကို စွဲဆောင်နိုင်တဲ့ နေရာဒေသနဲ့ ခရီးစဉ်အမျိုးမျိုး ရှိပါတယ်။ အပန်းဖြေ ခရီးစဉ်အနေနဲ့ သွားလာလို့ရတဲ့ ငပလီလို ချောင်းသာ.. ငွေဆောင် … မောင်းမကန်လို… ကမ်းခြေများလည်းရှိပါတယ်။

ဒါ့အပြင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ သဘာဝကိုလေ့လာလို့ရတဲ့ အင်းတော်ကြီးလို အင်းလေး…မိုးယွန်းကြီးအင်း… ပုပ္ပါးတောင် အမျိုးသားဥယျာဉ်လို သဘာဝအခြေခံခရီးစဉ်၊ ရေအောက် သဘာဝအလှအပတွေနဲ့ သန္တာကျောက်တန်းတွေကို လေ့လာနိုင်တဲ့ အဏ္ဏ၀ါခရီးစဉ်တွေအပြင် ခြေလျင်တောင်တက်နဲ့ စွန့်စားမှုခရီးစဉ်တွေအနေနဲ့လည်း ခါကာဘိုရာဇီတောင်၊ ၀ိတိုရိယတောင်တွေကို သွားရောက်နိုင်ပါတယ်။

ဒါ့အပြင် ကမ္ဘာမှာလည်း ကျော်ကြားခဲ့တဲ့ သမိုင်းဝင်နေရာများဖြစ်ပြီး ဆုတောင်းဝတ်ပြု ခရီးစဉ်တွေအနေနဲ့  ရွှေတိဂုံဘုရားစေတီ၊ ပုဂံစေတီပုထိုးများ၊ ကျိုက်ထီးရိုးစေတီတော်စတဲ့ တန်ခိုးကြီးဘုရားများ တည်ရှိရာ နေရာဒေသအပြင် သမိုင်းဖြစ်ရပ်ထဲမှာ ပါဝင်ခဲ့ကြတဲ့ ထောက်ကြန့်နဲ့ သံဖြူဇရပ် စစ်သချိုင်းလို နေရာမျိုးတွေလည်း ရှိတဲ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ရှိတဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီဖြစ်တဲ့ ကမ္ဘာ့သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးကိုလည်း သွားရောက်လေ့လာနိုင်ပါသေးတယ်။

ပြည်တွင်းခရီးသွားများနဲ့ ကမ္ဘာလှည့်ခရီးသွားများအနေနဲ့ မြန်မာပြည်တွင်းက ဧည့်သည်ဝင်ရောက်မှု များပြားလာတဲ့နေရာဒေသတွေကို သွားရောက်လေ့လာခွင့်ရရှိခဲ့ပေမယ့် ဂုတ်ထိပ်တံတားကိုတော့ သွားရောက်လေ့လာခွင့်ရရှိသူ အင်မတန် နည်းပါးလှတာ တွေ့မြင်ရပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီး ကမ္ဘာ့သမိုင်းဝင်ဖြစ်ခဲ့တဲ့ ဂုတ်ထိပ်တံတားကို  ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချိုဘူတာ အလွန် (၇)မိုင် အကွာ မိုင်တိုင် – ၄၆၃/ဝ၉ တွင် တည်ရှိပါတယ်။

ဂုတ်ထိပ် တံတားကြီး ကို လန်ဒန်ရှိ ဆာအေအမ်ရင်း ဒဲလ်အင်ကုမ္ပဏီက ပုံစံရေးဆွဲခဲ့ပြီး အမေရိကန် ပြည်ထောင်စု ပင်ဆီဗေးလ်နီးယားနဲ့ မာရီလင်းတံတားတည်ဆောက်ရေး ကုမ္ပဏီက ၁၉ဝ၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အရှည်ပေ ၂၂၆ဝ ရှိတယ်လို့ သိရပါတယ်။

တံတားရဲ့ ထူးခြားချက်ကတော့ အခြားသော တံတားကြီးများလို  မြစ်ချောင်းတွေကို ဖြတ်ပြီး ဆောက်လုပ် ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်ကာ ခဲရာခဲဆစ် တည်ဆောက်တာ တွေ့ရပါတယ်။ ဆောက်လုပ်ချိန် ကိုးလသာ ကြာမြင့်ခဲ့ပြီး တံတားတည်ဆောက်ရေး ကုန်ကျငွေမှာ စတာလင်ပေါင် ၁၁၃၂ဝဝ ခန့် ကုန်ကျခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်း မှတ်တမ်းများအရ သိရပါတယ်။

ဂုတ်ထိပ်တံတားကို သွားရောက်ရင်း လတ်ဆတ်လှတဲ့ လေနဲ့ အရိုင်းဆန်တဲ့ သဘာဝ ပတ်ဝန်းကျင် အလှအပတွေကိုလည်း တွေ့မြင်ခွင့်ရကြောင်း ဂုတ်ထိပ်တံတားဆီ သွားရောက် လေ့လာခဲ့သူတွေက ပြောလေ့ရှိပါတယ်။

ဂုတ်ထိပ်တံတားကို လေ့လာလိုသူတွေအနေနဲ့ ပြင်ဦးလွင်ကနေ နောင်ပိန်ဘူတာထိ ရထားစီးပြီး သွားလာနိုင်သလို၊ မန္တလေး-လားရှိုး လမ်းကနေ နောင်ချိုမြို့တွင်းကို ဖြတ်သန်းပြီး ကားနဲ့လည်း သွားလာလို့ ရပါတယ်။

 

နိုင်ငံခြားသားများအတွက် ရထားလက်မှတ်ကို ယခင်တုန်းက ဒေါ်လာနဲ့ ဝယ်ယူရပေမယ့် ၂၀၁၅ ခုနှစ်က စတင်ပြီး မြန်မာ ကျပ်ငွေဖြင့် ဝယ်ယူစီးနင်းနိုင်ပြီလို့ ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ဂုတ်ထိပ်တံတားကို သွားရောက်ကြည့်ရှုလည်ပတ်သူတွေဟာ ယခင်နှစ်တွေကထက် ၅% ကျော်ထိ မြင့်တက်လာတယ်လို့ ဂုတ်ထိပ်ဘူတာရုံက ၀န်ထမ်းတွေဆီက သိရပါတယ်။

မြန်မာ့နေရာဒေသအသီးသီးကို သွားရောက်လည်ပတ်သူတွေများပြားလှပေမယ့် ဂုတ်ထိပ်တံတားဆီကိုတော့ ခရီးသည်ဝင်ရောက်မှုက အခြားနေရာများ ထက်စာရင် နည်းပါးလှတာကို တွေ့ရပါတယ်။

ခရီးသွားနည်းပါးရခြင်းကလည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပေမယ့် နိုင်ငံတော်အနေနဲ့  ကမ္ဘာလှည့် ခရီးသည်တွေ တည်းခိုဖို့ ခွင့်ပြုထားခြင်းမရှိသေးတဲ့အတွက် ခရီးသည်ဝင်ရောက်မှု နည်းပါးရခြင်း ဖြစ်တယ်လို့လည်း သိရပါသေးတယ်။

နောင်ချိုမြို့နယ် ဂုတ်ထိပ်တံတားဒေသအတွင်းမှာ နေထိုင်ကြသူများအနေနဲ့ ဒီလို ကမ္ဘာ့သမိုင်းဝင် နေရာမျိုးကို ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ ၀င်ရောက်လည်ပတ်နိုင်စေဖို့ အစိုးရသစ်အနေနဲ့ ခရီးသွားလုပ်ငန်းကို မူဝါဒသစ်ချမှတ်ပေးသင့်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် မတိုင်မီကတည်းက ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ၁၅ ခု၊ ဟိုတယ် ၆ ခု ထိရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းလို့ ပြင်ဆင်ခေါ်တွင် စေခဲ့ပြီးတော့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေကိုလည်း ပြဌာန်းခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံ့ဖွံဖြိုးရေးနဲ့ ဒေသခံများ အလုပ်အကိုင်ရရှိရေးကိုလည်း မျှော်မှန်းလာနိုင်တဲ့အနေအထားတစ်ရပ်ဖြစ်နေပါပြီ။

ဒီလိုအနေအထားမျိုးမှာ ကမ္ဘာကျော်နေရာများဆီကို ကမ္ဘာလှည့် ခရီးသည်တွေကို ၀င်ရောက် လေ့လာ လည်ပတ်စေနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာ တက်လာမယ့် အစိုးရသစ်အနေနဲ့ မူဝါဒများချမှတ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်လာနိုင်စေဖို့လည်း ပြည်သူတွေကလည်း မျှော်လင့်နေကြပါတယ်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …